Sunday, July 10, 2022

ကလေးငယ်များရဲ့ အစောပိုင်းကာလ အခြေခံအုတ်မြစ် (Early Childhood Fundamental Program) နှင့် ၂၁ရာစုကလေးငယ်များ

ကလေးငယ်များရဲ့ အစောပိုင်းကာလ အခြေခံအုတ်မြစ် (Early Childhood Fundamental Program) နှင့် ၂၁ရာစုကလေးငယ်များ


လူကြီးမင်းတို့ လွန်ခဲ့တဲ့ ၆လလောက်က ဝယ်ခဲ့တဲ့ လက်ကိုင်ဖုန်းတစ်လုံးဟာ အခုအချိန်မှာ ဗားရှင်းနိမ့်ပြီး စျေးကျသွားပြီ မဟုတ်ပါလား။ သူ့ထက်ပိုကောင်းတဲ့ လုပ်ငန်းတွေ၊ ပိုမိုအဆင့်မြင့်တဲ့ နည်းပညာတွေ၊ အပလီကေးရှင်းတွေနဲ့၊ အသစ်သစ်သော နည်းပညာတွေဟာ အချိန်နဲ့အမျှ ထွက်ပေါ်လို့ လာနေပါတယ်။ ဒါဟာ မိုဘိုင်းဖုန်းလို ကွန်ပျူတာလိုပစ္စည်းများတင်မကပဲ အခြားနယ်ပယ်အစုံမှာပါ မျက်မြင်ကိုယ်တွေ့ တွေ့ကြုံခံစားနေကြရတာ ဖြစ်ပါတယ်။ ဥပမာ- ပညာရေးမှာဆိုရင်လည်း သချာႅခေတ်သစ်တွက်နည်းများ (လက်မခံသူများရှိသော်လည်း ပိုမိုကောင်းမွန်လွယ်ကူစေတဲ့အတွက် ကျယ်ပြန့်စွာ အသုံးပြုနေပြီဖြစ်ပါတယ်။) စာသင်ကြားရေးနည်းစနစ်များ၊ စာမေးပွဲ စနစ်များ စသဖြင့် အပြောင်းအလဲများစွာကို ကြုံတွေ့ရမှာဖြစ်ပြီး လက်ခံကြိုဆိုမှုမရှိသူတွေဟာ လိုက်ပါစီးမျောနိုင်မှာ မဟုတ်ဘဲ ကျန်ရစ်ခဲ့ကြမှာပါ။ အခြားနယ်ပယ်တွေဖြစ်တဲ့ စီးပွားရေး၊ နိုင်ငံရေးတို့မှာလည်း ထိုနည်းတူစွာပါပဲ။ တိုးတက်ပြောင်းလဲလာတဲ့ ကမ္ဘာကြီးမှာ လျှင်လျှင်မြန်မြန်ပြုပြင်လိုက်ပါ ပြောင်းလဲနိုင်သူများ၊ စွန့်ဦးတီထွင်ဆန်းသစ်နိုင်သူများ၊ ဆက်စပ်တွေးခေါ်မှု အားကောင်းသူတွေကိုသာ ဆုတံဆိပ်ရလဒ်တွေက ကြိုလင့်နေမှာ ဖြစ်ပါတယ်။



Image by StartupStockPhotos from Pixabay

၂၁ရာစုနေကလေးငယ်တွေဟာ ကြီးပြင်းအရွယ်ရောက်လာချိန်မှာ လက်ရှိခေတ်ကာလထက်ကို ပိုမိုမြန်ဆန်တဲ့၊ ပိုမိုရှုပ်ထွေးတဲ့ ခေတ်ကာလကို ဖြတ်သန်းကြရမှာ ဖြစ်ပါတယ်။

အဲ့ဒီလို ကမ္ဘာသစ်ထဲကို ကလေးငယ်တွေ ချဉ်းနင်းဝင်ရောက်တဲ့အခါ အင်တာနက်ကနေဖြစ်စေ၊ စမတ်ဖုန်းတွေကနေဖြစ်စေ၊ အင်တာအက်တစ်ဘုတ်(interactive board)လို စက်ပစ္စည်းတွေကနေဖြစ်စေ မိမိကိုယ်ကိုအားကိုးပြီး မိမိဘာသာသင်ယူနိုင်ကြဖို့ရာ လုံလောက်တဲ့ နည်းပညာအရည်အချင်းတွေ၊ ဗဟုသုတတွေ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲ့ဒီ့အရင်းအမြစ်တွေက သတင်းအချက်အလက်တွေ၊ ဗဟုသုတတွေအပြင် အခြားမလိုအပ်တဲ့ အမှိုက်သရိုက်တွေလည်း ပါလာတတ်တာကြောင့်ဖြစ်ပါတယ်။ အဲ့ဒီ့အထဲကမှ ကိုယ်လိုအပ်တဲ့ အရာများကို စစ်ယူတတ်ဖို့ လုံလောက်တဲ့ ညဏ်ပညာကိုယ်ခံအား ရှိထားမှသာ အကျိုးရှိရှိ အသုံးချတတ်မှာ ဖြစ်ပါတယ်။

ကျွန်မ မနှစ်က သင်တန်းသူ ဆရာမအလုပ် အင်တာဗျူးခေါ်တော့ ခပ်ငယ်ငယ်သင်တန်းသူတစ်ယောက် လာလျှောက်ပါတယ်။ အင်တာဗျူးကြည့်တော့ သူ့ရဲ့အဂႅလိပ်က တော်တော့်ကို ကောင်းတာတွေ့ရတယ်။ အသံထွက်ကအစ အတော်ကောင်းနေတာနဲ့ မေးကြည့်မိတယ်။ အင်္ဂလိပ်စာသင်တန်း ဘယ်မှာ တက်ခဲ့သလဲလို့။ သူပြန်ဖြေတော့ အံ့အားသင့်သွားမိတယ်။ “ဘယ်မှာမှ မတက်ခဲ့ပါဘူး”တဲ့။ youtubeက သင်ခန်းစာ ဗွီဒီယိုတွေကနေ သင်ယူခဲ့တာပါလို့ ဖြေပါတယ်။ ဒါကိုကြည့်ပြီးတော့ ဒီနေ့ခေတ်မှာလည်း ကျွန်မတို့ နိုင်ငံမှာ နည်းပညာရဲ့ စွမ်းအားကို အသုံးပြုပြီး မိမိကိုယ်ကို တိုးတက်အောင် လုပ်ယူနေကြတဲ့ လူငယ်တွေ ရှိနေကြပြီဆိုတဲ့ သက်သေပါပဲ။

အဲ့ဒီလို လူ့အသိုင်းအဝိုင်းမှာ နည်းပညာက နေရာပိုမိုယူလာပေမဲ့ လူတွေနဲ့နေထိုင်တဲ့အခါ လူမှုဆက်ဆံရေးအရည်အသွေးတွေဖြစ်တဲ့ ချစ်ခင်ကြင်နာမှု၊ ရိုးသားမှု၊ တစ်ပါးသူအား လေးစားတန်ဖိုးထားမှု၊ ပူးပေါင်းဆောင်ရွက်တတ်မှုစတဲ့ ရင်းနှီးနွေးထွေး၊ ချစ်ခင်မှုတွေရှိနေမှသာ မိမိပတ်ဝန်းကျင်ကလူတွေနဲ့ အဆင်ပြေပြေနေထိုင်နိုင်ပြီး ပျော်ရွှင်မှုအစစ်အမှန်ကို ရရှိခံစားရမှာ ဖြစ်ပါတယ်။ စက်ကိရိယာတွေ၊ နည်းပညာတွေဟာ လူသားရဲ့ စစ်မှန်တဲ့ပျော်ရွှင်မှုကို မဖန်တီးနိုင်ပါ။ လူသားဆန်မှုကသာ ဆောင်ကျဉ်းပေးနိုင်မှာပါ။ ကလေးငယ်တွေအတွက်လည်း အဲ့ဒီလို ပေါင်းသင်းဆက်ဆံရေးအခက်အခဲတွေ ကျော်လွှားနိုင်ဖို့ရာ လူသားတွေရဲ့ တန်ဖိုးထားမှုတွေကို သင်ယူ နားလည်စေသင့်ပါတယ်။

ပညာရေးမှာ သူမတူအောင်ထူးချွန်ပြီး ဘွဲ့ဒီဂရီတွေ တစ်သီကြီး ရရှိထားပေမယ့် လူပေါင်းမဆံ့၊ မိတ်ဆွေအပေါင်းအသင်းမရှိ၊ အထီးကျန်ဆန်ပါက မိမိဘဝကို မကျေမနပ်မပျော်မရွှင် နေထိုင်သွားရမှာပါ။ အဲ့ဒီလိုပဲ အောင်မြင်တဲ့ စီးပွားရေးသမားတစ်ဦး ဖြစ်လာပေမဲ့ ကိုယ့်တစ်ဘို့တည်းကြည့်သူ အမြတ်ရရေးကိုပဲကြည့်ပြီး ပတ်ဝန်းကျင်နဲ့ လူများရဲ့ ကျန်းမာရေး၊ လုံခြုံရေးကို ထိခိုက်နိုင်တာမျိုး အရေးမစိုက်သူ ကျင့်ဝတ်မသိမလိုက်နာသူဖြစ်ပါက လူ့အသိုင်းအဝိုင်းအတွက် အန္တရာယ်ပေးမယ့်သူ ဖြစ်လာနိုင်ပါတယ်။ ဘဝမှာလည်း ရေရှည် မအောင်မြင်နိုင်၊ ဇာတ်သိမ်းမလှ၊ မိမိသမိုင်းမှာ ကောင်းကျိုးမဆောင်သူ၊ နာမည်ဆိုး တင်ကျန်ရစ်သူအဖြစ်သာ အသက်မွေးသွားရမှာ ဖြစ်ပါတယ်။ နောက်ထပ်အရေးကြီးတဲ့ အချက်ကတော့ ဥာဏ်ပညာနဲ့ တွေးခေါ်မြော်မြင်မှုစွမ်းအားပဲ ဖြစ်ပါတယ်။ ကလေးတွေဘဝမှာ ဥာဏ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုနောက်ကျခဲ့မယ်ဆိုရင် နောင်အခါမှာ

ကလေးငယ်တွေရဲ့ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုတွေ စတင်ပေါ်ပေါက်ဖြစ်တည်မှုဟာ အင်မတန်ကို စောလှပါတယ်။ အသက်(၃)နှစ်မှ (၅)နှစ်အတွင်း ရှေးဦးကလေးသူငယ်ဘဝမှာ အစပြုလာတဲ့ သူတို့ရဲ့ ပညာရေး အခြေခံအုတ်မြစ်၊ ရရှိပိုင်ဆိုင်လာတဲ့ အမူအကျင့်တွေ စတဲ့အရာတွေက သူတို့လေးတွေရဲ့ အနာဂါတ် အောင်မြင်မှုနဲ့ ရှုံးနိမ့်မှုကို ခြားနားစေတာပဲဖြစ်ပါတယ်။

ကလေးငယ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုကောင်းမွန်အောင်ပံ့ပိုးပေးဖို့ မှော်ဖော်မြူလာရှိပါတယ်။ ကျွန်မအခု ပြုစုထားတဲ့ ကလေးငယ်များရဲ့ အစောပိုင်းကာလ အခြေခံအုတ်မြစ် (Early Childhood Fundamental Program)စာအုပ်ဟာ အထက်ကပြောထားတဲ့ ကလေးငယ်တွေရဲ့ အနာဂတ်ကို အောင်မြင်ပျော်ရွှင်စွာ တည်ဆောက်နိုင်စေဖို့ သေချာစေမယ့် မှော်ဖော်မြူလာကဲ့သို့သော တိုးတက်ပြီး နိုင်ငံတွေမှာ ကျင့်သုံးနေတဲ့ ကလေးဖွံ့ဖြိုးမှုဆိုင်ရာ အကြောင်းအရာတွေ ပညာရှင်တွေရဲ့ အာဘော်နဲ့ သီအိုရီတွေကို အခြေခံထားတာြဖစ်ပါတယ်။ ကျွန်မအနေနဲ့ ရေးသားသီကုံးရာမှာတော့ ကျွန်မတို့နိုင်ငံက မိဘနဲ့ ဆရာသမားတွေ လိုက်နာကျင့်ကြံအားထုတ်နိုင်မယ့်၊ ကျွန်မတို့နိုင်ငံနဲ့ ကိုက်ညီနိုင်လောက်မယ့် ဥပမာ၊ နည်းလမ်းနဲ့ အကြောင်းအရာတွေကို ကျွန်မကိုယ်တိုင်ရဲ့ အတွေ့အကြုံ၊ အတွေးအခေါ်တွေ ပေါင်းစပ်ပြီး စုစည်းရေးသားထားတာ ဖြစ်ပါတယ်။ 


KHK ပျော်ရွှင်မှု ပိရမစ်စာအုပ်မှ

Saturday, July 9, 2022

             💟💪ကျန်းမာရေးနှင့် လုံခြုံရေးသင်ခန်းစာ💪💟














ကလေးများအတွက် ကျန်းမာရေးနဲ့ လုံခြုံရေးဟာ အစစအရာသော အခြားဖွံ့ဖြိုးမှုများထက် ပိုမိုအရေးပါသလို အခြေခံအကျဆုံးအရာဖြစ်တဲ့အတွက် ကျောင်းစာသင်နှစ်အစပိုင်းမှာ ထည့်သွင်းသင်ကြားသင့်ပါတယ်။ ကလေးများဟာ ကျောင်းမတက်မီ ‌ကျန်းမာရေးနဲ့ လုံခြုံရေးဆိုင်ရာ အချို့အသိပညာများကို ကြိုတင်သိရှိထားပါက ပိုမိုကောင်းမွန်မှာဖြစ်ပေမဲ့ အများအားဖြင့် ထိုသို့သိရှိထားခြင်းမရှိကြပါ။ ဒါ့ကြောင့် ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်ထားတဲ့ကြားက ကျန်းမာရေး ချို့တဲ့မှုများ၊ မတော်တဆထိခိုက်မှုများ မကြာခဏကြုံတွေ့ရလေ့ရှိပါတယ်။ မိဘများအနေနဲ့လည်း ကျောင်းပို့သည်ဖြစ်စေ မပို့သည်ဖြစ်စေ ကလေးကို ယခုဆက်လက်ဖော်ပြမဲ့ ကျန်းမာရေးနဲ့ လုံခြုံ‌‌ဘေးကင်းရေး သင်ခန်းစာတွေကို သင်ကြားပေးထားပါက ကလေးရဲ့မိမိကိုယ်ကို ကာကွယ်စောင့်ရှောက်နိုင်မှု ဘဝတစ်သက်တာ အရည်အချင်းများ ရရှိပိုင်ဆိုင်ထားမှာဖြစ်ပါတယ်။ 


🧅🌽🍳🥞ကျန်းမာရေးနဲ့ အာဟာရသင်ခန်းစာ🧀🍞🥒🍅


ကလေးအသက်အရွယ်အသီးသီးမှာ သူတို့နဲ့ သင့်တော်မယ့် သင်ခန်းစာအမျိုးမျိုးရှိတဲ့အထဲက မူကြိုမှာမိတ်ဆက်ပေးလို့ရတဲ့ လှုပ်ရှားမှုတချို့ကို ဖော်ပြပေးလိုက်ပါတယ်။ အခြားအသက်အရွယ်တွေအတွက် အနည်းငယ်ပြုပြင်သုံးလို့ရပါတယ်။ ပုံမှန်အားဖြင့် ကလေးတွေကို food pyramidလို့ခေါ်တဲ့ အစာအစာ ပိရမစ်နဲ့ ပတ်သက်တဲ့ သင်ခန်းစာတွေသာ သင်ကြားလေ့ရှိကြပေမဲ့ ကျွန်မအကြံပြုချင်တာက ကျွန်မတို့ ရေမြေယဉ်ကျေးမှုနဲ့ ကိုက်ညီအောင် အချို့အရာတွေကို ပြုပြင်ပြောင်းလဲ အသုံးပြုသင့်တယ်ဆိုတာပါပဲ။ အခုနောက်ပိုင်း သူတို့ဆီမှာလည်း food pyramid (အစာအစာ ပိရမစ်)ဟာ ကလေးတွေအတွက် ဘယ်ဟာကို ပိုစားသင့်တယ်ဆိုတာ နားလည်ဖို့ သိပ်မရှင်းလင်းဘူးလို့ ယူဆကြပါတယ်။ ဒါကြောင့်တချို့က အစားအစာပန်းကန်ပြား food plateပေါ်မှာ ဖေါ်ပြကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဓိကကျတာကတော့ လက်ရှိကလေးတွေလိုအပ်နေတဲ့ အာဟာရဓါတ်တွေ စုံစုံလင်လင်ရရှိဖို့ပါပဲ။ ကျမတို့ဆီကကလေးတွေဟာ ထမင်းအစားများတဲ့အတွက် carbohydrate groupကိုစားဖို့ အထူးတိုက်တွန်းနေစရာ သိပ်မလိုအပ်ပါဘူး။ အခြားလိုအပ်နေတဲ့ ပရိုတိန်းနဲ့ ဗိုက်တာမင်သတ္တုဓာတ်စတာတွေသာ များများစားဖို့ တိုက်တွန်းအားပေး နိုင်ပါတယ်။ တစ်ဦးတစ်ယောက်ချင်းစီရဲ့လိုအပ်ချက်တွေဟာ ကွဲပြားနိုင်သေးတာမို့ အထက်ပါကောက်ချက်ဟာ ကိုယ့်ကလေးအတွက် အဆင်မပြေရင် အာဟာရပညာရှင်တစ်ဦးဦးနဲ့ တိုင်ပင်တာပိုကောင်းပါတယ်။ အစားအစာအုပ်စု တက်နိုင်သမျှ အစုံအလင်ပါဝင်အောင် ပြင်ဆင်ထားတဲ့ အစားအစာတွေကို ကလေးအတွက် စားချင်စဖွယ် အတူတူ ပြင်ဆင်ကြတာဟာ အထိရောက်ဆုံးသင်ခန်းစာပါပဲ။ 


အစပျိုးခြင်း (Lead in)


သင်ခန်းစာတိုင်းမှာ ကလေးတွေအတွက် လက်ခံသင်ယူနိုင်ဖို့ အစပျိုးခြင်းနဲ့ အစပြုရပါတယ်။ ဒါမှပဲကလေးတွေရဲ့ သင်ခန်းစာအပေါ်စိတ်ဝင်စားမှု အပြည့်အဝရမှာဖြစ်ပါတယ်။ 


ကလေးတွေကြိုက်လောက်တဲ့ ကဗျာ၊ သီချင်း၊ ပုံပြင်တွေထဲက အာဟာရနဲ့ပတ်သက်တာတွေ ရှာဖွေပြီး အစပြုပေးလို့ရပါတယ်။ 


https://youtu.be/C1SDXOP6Fbc


ပထမဆုံး Nutrition song by Learning Station သီချင်းလေးကို အကြံပြုပါရစေ။ အခြားသီချင်းများကိုလည်း ကိုယ်ကြိုက်နှစ်သက်ရာ ရွေးချယ်နိုင်ပါတယ်။ မြူးကြွပြီး ကလေးရဲ့ လှုပ်ရှားပါဝင်ဆောင်ရွက်မှုရှိတဲ့ သီချင်းမျိုးဆိုရင် ရပါတယ်။


My Food Plate အစားအစာ ပန်းကန် ဖန်တီးခြင်း သင်ခန်းစာ


Food Plateမှာပါတဲ့ အစားအစာတွေကို Sample food plateပြပြီး ဆွေးနွေးပါ။ ပြီးရင်တော့ ကလေးနဲ့အတူတူ မိမိရဲ့ အစားအစာပန်းကန်ပြားကို အတူတူဖန်တီးပါ။

paper plate အပြားကြီးကြီး သို့မဟုတ် ကတ်ထူစက္ကူပြားကို ပန်းကန်ပြားပုံ အဝိုင်းကြီးကြီးညှပ်ထားတာကို အသုံးပြုနိုင်ပါတယ်။ 

အစားအစာပုံများပါသော မုန်လုပ်နည်း၊ ဟင်းချက်နည်းစာအုပ်များ သို့မဟုတ် မဂ္ဂဇင်းများမှ အစာစားပုံများ ကိုအတူတူညှပ်ပါ။ အစားအစာများရဲ့ အမည်များကိုပါ သင့်ကြားလိုပါက ရေရှည်အသုံးပြုနိုင်အောင် ပလက်စတစ်လောင်းကာ အသုံးပြုနိုင်ပါတယ်။ ပြီးလျှင်ကလေးနဲ့အတူတူ ပန်းကန်ပြားပေါ်တွင် အစားအစာအုပ်စုများအလိုက် စုခွဲခိုင်းပါ။ ကလေးမှ အစားအစာအုပ်စုများကို ကောင်းစွာခွဲခြားမှတ်မိလာလျှင် မိမိနှစ်သက်ရာ အစားအစာကိုရွေးချယ်ပြီး တိပ်ဖြင့်ကပ်ခြင်းဖြစ်စေ ပလက်စတစ်မလောင်းထားပါက ကော်ဖြင့်ကပ်ခြင်းဖြစ်စေ ပြုလုပ်နိုင်ပါတယ်။ 


အစားအစာအုပ်စု ကစားနည်း


Food Group Fun

https://youtu.be/tqs9XWy-FM8


သီချင်းကိုဆိုရင်းဖြစ်စေ သီချင်းမှာပါသော အစားအစာ အုပ်စုများအတိုင်း မိတ်ဆက်ပေးပြီး ကလေးနဲ့အတူ လှုပ်ရှားမှုပြုလုပ်ကာ ကစားနိုင်ပါတယ်။ ကလေးများအတွက် အစားအစာနာမည်များ မရင်းနှီးသေးပါက ကဒ်များပြပြီး ညွှန်ကြားနိုင်ပါတယ်။


Healthy snacks recipes

အာဟာရပြည့် မုန့်လုပ်ခြင်း လှုပ်ရှားမှု သင်ခန်းစာ


https://www.kids-cooking-activities.com/preschool-snack-recipes.html


ဖော်ပြပါ website linkမှာ ကလေးတွေသဘောကျမယ့် ပြုလုပ်ချင်ကြမယ့် အစားအစာ‌နမူနာတွေ ပါရှိပါတယ်။ ဒီအထဲက မိမိပတ်ဝန်းကျင်မှာ ရရှိနိုင်တဲ့ အစားအစာမုန့်များကို ကလေးနဲ့အတူ စားချင်စဖွယ်ပြင်ဆင်ပြီး ပြုလုပ်သုံးဆောင်နိုင်ပါတယ်။ အစားအစာပြင်ဆင်ရမှာ လက်ဆေးခြင်း၊ အစားအစာများကို စင်ကြယ်အောင်ဆေးခြင်း ထည့်သိုမယ့် အိုးခွက်ပန်းကန်များကို သေချာစွာသန့်ရှင်းခြင်းများ ကလေးများရှေ့တွင် အသိပေးပြုလုပ်ပေးပါ။ 

ဒီလို သင်ခန်းစာလေးတွေ အတူသင်ယူကြရင်းနဲ့ ကလေးရဲ့ အာဟာရ နဲ့ပတ်သက်တဲ့ အသိပညာတွေ တိုးရုံသာမက နေ့စဉ်စားသောက်နေတဲ့ အစာစာတွေကိုလည်း အာဟာရဖြစ်တဲ့အစားအစာတွေ ရွေးချယ်ကာ စားသောက်တတ်တဲ့အလေ့အကျင့် ရရှိလာမှာဖြစ်ပါတယ်။ ကလေးရဲ့ရှေ့မှာ ဆရာဆရာမနဲ့ ဖေဖေမေမေတို့ကလည်း ကလေးအတုယူနိုင်အောင် အာဟာရတန်ဘိုးရှိတဲ့ အစားအစာတွေ စားသောက်ပြဖို့လည်းလိုအပ်ပါတယ်။ ကလေးတွေဟာ လူကြီးတွေကို စဉ်ဆက်မပြတ်အကဲခတ်ရင်း သင်ယူနေကြတယ်ဆိုတာ မမေ့ပါနဲ့။


ချစ်ခင်စွာဖြင့်

KHK


https://food-guide.canada.ca/en/

Meaningful Ma Ma


ကလေးနဲ့ လုပ်နေကျအလုပ်လေးများ (routine) ၁။

  ကလေးနဲ့ လုပ်နေကျအလုပ်လေးများ (routine) ၁။


ကလေးတွေဟာ ဘယ်လိုပဲ ကစားမက်မက်၊ ဘယ်လိုပဲ ရှုပ်ဖွတတ်တတ်၊ ဘယ်လိုပဲစနစ်တကျလုပ်တတ်ဖို့ ခဲယဥ်းတတ်စေ ပုံမှန်စနစ်တကျ လည်ပတ်နေတဲ့ ပတ်ဝန်းကျင်နဲ့ အလုပ်တွေကို သဘောကျနှစ်ခြိုက်တတ်ကြပါတယ်။


ဒီလိုကြားရတာ အထူးအဆန်း ဖြစ်နေနိုင်ပေမယ့် ဒါဟာတကယ့်ကို သေချာတဲ့ အချက်ဖြစ်ပါတယ်။


ကလေးတွေသာမက လူကြီးတွေအတွက်ပါမှန်တာကို တွေ့ရမှာပါ။


နေ့တဒူဝ အလုပ်ကလေးတွေကို အချိန်နဲ့အချိန် ပုံမှန်လုပ်ကြည့်တဲ့အခါ ဘယ်လောက်အဆင်ပြေပြေ နေလို့ကောင်းလာသလဲဆိုတာ တွေ့လာပါလိမ့်မယ်။


ကိုယ်လုပ်နေကျအလုပ်တွေဟာ ကိုယ်လုပ်နေကျအချိန်မှာ ကိုယ့်ကိုစောင့်ကြိုနေကြတဲ့အခါ ကိုယ့်ရဲ့နေ့တစ်နေ့တာဟာ ရည်ရွယ်ချက်ရှိစွာ အဓိပ္ပါယ်ရှိရှိ ဖြတ်သန်းရသလို ခံစားရပါလိမ့်မယ်။ ကိုယ့်လုပ်ငန်းတခုလုပ်ပြီးတိုင်း ပြန်လှည့်ကြည့်ပြီး ဂုဏ်ယူကျေနပ်စွာနဲ့ နောက်ထပ်အလုပ်တွေ ဆက်လက်လုပ်ဆောင်လာနိုင်တာ တွေ့လာရမှာပါ။


အရင်က ပြန့်ကျဲဖရိုဖရဲဖြစ်နေတဲ့ ကိုယ့်စိတ်အစဥ်ဟာလည်း တဖြည်းဖြည်းစနစ်တကျဖြစ်လာပါပြီး ကိုယ့်ရဲ့တစ်နေ့တာသာကမက ကိုယ့်ဘဝဟာ ကိုယ်ထိန်းချုပ်နိုင်တယ်ဆိုတဲ့ ခံစားချက်ပါ ရရှိခံစားရစေပါတယ်။ 


ကလေးတွေမှာတော့ နေ့စဉ်လုပ်နေကျ အလုပ်တွေကိုကို လူကြီးတွေထက် ပိုပြီးအရေးတကြီး လိုအပ်ပါတယ်။ သူတို့လေးတွေရဲ့ ဖွံ့ဖြိုးတိုးတက်နေတဲ့ ဦးနှောက်ဟာ ဒီလိုပုံမှန်လည်ပတ်နေတဲ့ အလုပ်တွေကြောင့် ပိုပြီး ယုံကြည်စိတ်ချစွာ ဖွံ့ဖြိုးလာတာပါ။


ဒီအလုပ်ကလေးတွေကြောင့် သူတို့ရဲ့ပတ်ဝန်းကျင်ဟာ ခန့်မှန်းလို့ရတယ်၊ ယုံကြည်စိတ်ချလို့ရတယ်ဆိုတဲ့ sense of security ကိုရရှိစေပါတယ်။ ဒါဟာ သူတို့အတွက် ပိုမိုစိတ်ပါဝင်စားစွာ သင်ယူစူးစမ်းလိုစိတ်နဲ့ သူတို့လုပ်နိုင်တဲ့ အလုပ်တွေကို ပြီးမြောက်အောင်မြင်အောင်လုပ်နိုင်ဖို့ အင်အားလည်းဖြစ်စေပါတယ်။ 


ဒါပေမဲ့ ဒီလိုဖြစ်လာဖို့လေ့ကျင့်တဲ့အခါ ကလေးရဲ့ ကိုယ်ရေးကိုယ်သွေးပေါ်မူတည်ပြီး လွယ်ကူစွာ ချမှတ်ပြုလုပ်နိုင်တာမျိုးရှိသလို စိန်ခေါ်မှုရှိတဲ့ အချိန်အခါတွေလည်း များစွာ တွေ့လာနိုင်ပါတယ်။ အထူးသဖြင့် ကလေးဟာ ဒီပုံမှန်လည်ပတ်မယ့်အလုပ်နဲ့ ရင်းနှီးကျွမ်းဝင်မဖြစ်ခင် မိဘတွေပေးဖို့ဖို့ အလိုအပ်ဆုံးက အချိန်နဲ့ စိတ်ရှည်မှုပါပဲ။ ရှေ့က ဆောင်းပါးမှာ ပြောခဲ့သလို ဒီအချိန်ဇယား (သို့မဟုတ်) လုပ်ထုံးလုပ်နည်းနဲ့ ကလေးကို ပျော်ရွှင်အဆင်ပြေစွာ တွေ့ထိပေးဖို့က အရေးကြီးပါတယ်။ အတင်းအကျပ် လုပ်ခိုင်းတာမျိုးဟာ ဘယ်သောအခါမျှ အလုပ်မဖြစ်တတ်ပါ။ 


မိဘတွေက အချိန်ဇယားနဲ့ လုပ်နေကျအလုပ်တွေကို သတ်မှတ်တဲ့အခါ အရေးကြီးတာက စည်းကမ်းလို့ ထင်တတ်ကြပါတယ်။

ဒါဟာ တကယ်တော့ မမှန်ပါ။

ကလေးငယ်လေ စည်းကမ်းအလွန်တင်းကျပ်ဖို့ မလုပ်သင့်လေပါပဲ။

သူ့တုံ့ပြန်မှုအပေါ်ကြည့်ပြီး လိုအပ်တဲ့ အတိုးအလျော့လေးတွေနဲ့ စလုပ်ကြည့်ရမှာပါ။


တကယ်အရေးအကြီးဆုံးအချက်က ပုံမှန်လုပ်ရမယ့်အလုပ်တစ်ခုကို မိတ်ဆက်ပေးတဲ့အခါ အဲ့ဒီအလုပ်နဲ့ သူတို့ နေသားတကျရင်းနှီးသွားဖို့နဲ့ ဒီအလုပ်လုပ်ဖို့အချိန်ရောက်လာပြီဆိုတဲ့ ကြိုတင်အသိပေးချက်တွေကို သူတို့ကိုယ်တိုင် သတိပြုမိဖို့ပဲ ဖြစ်ပါတယ်။

ဥပမာအားဖြင့် ကလေးည အိပ်ချိန်သတ်မှတ်ပြီး အချိန်မှန် အိပ်ဖို့ပြင်ဆင်တဲ့အခါ အိပ်ချိန်ဆိုတာ ကလေးတွေသိဖို့ အချက်ပြသ‌‌င်္ကေတတွေရှိဖို့လိုပါတယ်။ အိပ်ချိန်ည ၉နာရီဆိုပါတော့ ဒါဆို ည၈နာရီခွဲ မှာစပြီးသူတို့ ညပိုင်းroutineလေးတွေ တစ်ခုချင်းလုပ်သွားပေးတာမျိုး၊ ညအိပ်ဝတ်စုံဝတ်ဆင်စေတာ၊ ညမီးအိမ်ဖွင့်ပြီး စာဖတ်ပြတာကနေ မီးမှိတ်ပေးတာအထိ နေ့တိုင်းမပြတ်လုပ်သွားပေးတာမျိုးပါ။


ကလေးတွေဟာ တကယ်တော့ ဒါလုပ်နေကျလုပ်ရမှာ ဆိုတာကို သေချာသဘောပေါက်သွားတာနဲ့ အဲ့ဒီအလုပ်ကို လုပ်ဖို့ အထူးတိုက်တွန်းစရာမလိုအပ်တော့ပါဘူး။ သူတို့အလိုလို သိပြီး တာဝန်သိစွာ လုပ်တတ်ကြတာ အများအားဖြင့် တွေ့ရပါတယ်။ အဲ နောက်တစ်ချက်အရေးကြီးတာက စဥ်ဆက်မပြတ် တောက်လျှောက်လုပ်ခဲ့ကြဖို့တော့ မဖြစ်မနေလိုအပ်တာပါပဲ။ 


KHK


ဆက်ပါမယ်။

Photo credit: PNW Production

Friday, July 8, 2022

ကလေးများတွင် တွေ့ရသော စိတ်ဒဏ်ရာအလွန် ဖိစီးမှု စိတ်ဝေဒနာ

 

ကလေးတိုင်းသည် သူတို့၏အတွေးနှင့် ခံစားချက်များအပေါ် သက်ရောက်မှုရှိသည့် အလွန်စိတ်ဖိစီးစရာ အဖြစ်အပျက်များကို ကြုံတွေ့ရနိုင်သည်။ ကလေး အများစုမှာ လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာကြပါသည်။ သို့သော် တစ်ခါတစ်ရံတွင် ဒဏ်ရာပြင်းထန်ခြင်း၊ ရင်းနှီးသောမိသားစုဝင် သို့မဟုတ် သူငယ်ချင်းတစ်ဦး သေဆုံးခြင်း သို့မဟုတ် အကြမ်းဖက်မှု ကဲ့သို့သော ပြင်းထန်သည့် စိတ်ဒဏ်ရာများကို ခံစားရသော ကလေးများတွင် ရေရှည် အကျိုးသက်ရောက်မှုများ ရှိလာပါသည်။ ကလေးသည် ထိုအဖြစ်ဆိုးများကို တိုက်ရိုက်ခံစားရခြင်း သို့မဟုတ် အခြားသူတစ်ဦးထံတွင် ဖြစ်ပျက်နေသည်ကို မြင်တွေ့ရခြင်းတို့ကြောင့် ဝေဒနာခံစားရနိုင်သည်။ ကလေးများသည် ၎င်းတို့၏ လူမှုဆက်ဆံရေးနှင့် နေ့စဥ်လှုပ်ရှားမှုများကို အနှောင့်အယှက်ဖြစ်စေသော စိတ်ဖိစီးမှု ရေရှည်လက္ခဏာများ (တစ်လထက်ကြာအောင်) ဖြစ်ပေါ်လာသောအခါတွင် စိတ်ဒဏ်ရာအလွန်ဝေဒနာ (PTSD) ဖြစ်ပေါ် ခံစားရကြောင်း စစ်ဆေးတွေ့ရှိနိုင်ပါသည်။

 

PTSD ရောဂါလက္ခဏာ ဥပမာများ။

 

အဖြစ်အပျက်ကို တွေးမိနေခြင်း သို့မဟုတ် ကစားရာတွင် ထပ်ခါထပ်ခါ ပြန်လည်ခံစားမိနေခြင်း။

အိပ်မက်ဆိုးများနှင့် အိပ်စက်ခြင်းပြဿနာများ။

အဖြစ်အပျက်တစ်ခုခုကို အမှတ်ရသောအခါ အလွန် စိတ်မကောင်းဖြစ်ရခြင်း။

အပြုသဘောဆောင်သော စိတ်ခံစားမှုများမရှိခြင်း (အဆိုးမြင်မှုများခြင်း)။

ပြင်းထန်သော အကြောက်တရား သို့မဟုတ် ဝမ်းနည်းမှုခံစားရခြင်း။

ဒေါသထွက်ခြင်းနှင့် ဒေါသပေါက်ကွဲခြင်း။

ဖြစ်နိုင်ခြေရှိသော ခြိမ်းခြောက်မှုများကို အမြဲရှာမိနေပြီး ထိတ်လန့်လွယ်ခြင်း။

အားကိုးရာမဲ့၊ မျှော်လင့်ချက်မဲ့ခြင်း သို့မဟုတ် ရှောင်ဖယ်ခြင်းတို့ကို ပြုမူခြင်း။

အဖြစ်အပျက်ကို ငြင်းဆိုခြင်း သို့မဟုတ် ထုံပေပေ ဖြစ်နေခြင်း။

လူများသည့်နေရာများ သို့မဟုတ် လူများကို ရှောင်ကြဥ်ခြင်း။

စိတ်ဒဏ်ရာအလွန် ဖိစီးမှုဝေဒနာ ခံစားဖူးသောကလေးများသည် ဂနာမငြိမ်ခြင်း သို့မဟုတ် အာရုံစူးစိုက်မှုမရှိခြင်း ဖြစ်နိုင်ပြီး ပုံမှန်နေထိုင်ရန် အခက်အခဲရှိနိုင်သောကြောင့် အာရုံစူးစိုက်မှုချို့ယွင်းခြင်း/ hyperactivity disorder (ADHD) ၏ လက္ခဏာများနှင့် ရောထွေးနိုင်သည်။ ကလေးသည် ADHD သို့မဟုတ် PTSD မည်သည်ကို ခံစားနေရကြောင်း ဆုံးဖြတ်ရန် သက်ဆိုင်ရာ ကလေးအထူးကု၊ စိတ်ရောဂါ ဆရာဝန်နှင့် ဆေးခန်းများ၏ လမ်းညွှန်ချက်ကို ရယူပါ။

 

PTSD ဖြစ်စေနိုင်သော စိတ်ဒဏ်ရာရဖြစ်ရပ် ဥပမာများ။

 

ရုပ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ နှိပ်စက်ညှဉ်းပန်းမှု။

အကြမ်းဖက်မှု သို့မဟုတ် ရာဇ၀တ်မှု၏ သားကောင်ဖြစ်ခြင်း သို့မဟုတ် သက်သေဖြစ်ခြင်း။

နီးစပ်သော မိသားစုဝင် သို့မဟုတ် သူငယ်ချင်းတစ်ဦး၏ ပြင်းထန်သောဖျားနာမှု၊ ထိခိုက်မှု သို့မဟုတ် သေဆုံးမှု ကြုံတွေ့ရခြင်း။

သဘာဝ သို့မဟုတ် လူလုပ်ဘေးအန္တရာယ်များကြုံတွေ့ရခြင်း

ပြင်းထန်သော ယာဉ်တိုက်မှု မတော်တဆမှု စသည် ကြုံတွေ့ရခြင်း။

 

KHK

 


Content source:  National Center on Birth Defects and Developmental DisabilitiesCenters for Disease Control and Prevention

  

လက်မစုပ်ခြင်းအတွက် ဗျူဟာများ

 #လက်မစုပ်ခြင်း 

လက်မစုပ်ခြင်းကို ဘယ်လိုဖြေရှင်းမလဲ။

 

လက်မစုပ်တဲ့ အလေ့အထ ဖျောက်ဖို့ဆိုရာမှာ တကယ်တော့ ကလေး အပေါ်မှာသာ လုံးဝဥဿုံ မူတည်ပါတယ်။ ဒါ့ကြောင့် ကလေးကို လက်မစုပ်ခြင်းရပ်သွားအောင်  အားပေးဖို့နဲ့ ကြိုးစားဖို့ မိဘများ သတိပြုသင့်သည့်  နည်းဗျူဟာအချို့ကို မိတ်ဆက်ပေးလိုက်ပါတယ်။

 

🗝 စိတ်အေးအေးထားပါ။

ကလေးကို လက်မစုပ်ခြင်းအား ရပ်တန့်ဖို့ ဆူပူအော်ဟစ်ခြင်း (ဒါမှမဟုတ်) တွန်းအားပေးခြင်းမျိုးက အထောက်အကူမပြုပါ။ လက်မစုပ်ခြင်း‌ကြောင့် သူတို့ရဲ့သွားတွေကို ထိခိုက်နိုင်ကာ ပါးစပ်ထဲ ပိုးမွှားတွေ ဝင်မှာကို စိုးရိမ်ရတာမှန်‌ပေမဲ့ ကလေးကို စိတ်ဆိုးဆူပူခြင်းလုပ်တာဟာ ပူးပေါင်းဆောင်ရွက်မှုရဖို့ ဦးတည်နိုင်မှာ မဟုတ်ပါဘူး။

 

🗝အာရုံလွှဲဖို့ တစ်ခုခုကိုဖန်တီးပါ။

ကလေး လက်မစုပ်တာကိုတွေ့တဲ့အခါ လက်နှင့်လုပ်ကိုင်စရာ တစ်ခုခုပေးထားပါ။ ကလေးတွေဟာ စိတ်လှုပ်ရှားနေချိန်မျိုးမှာ လက်မကို မကြာခဏ စုပ်တတ်ပါတယ်။ ဒီလိုအချိန်မှာ သူတို့ကို လက်နဲ့ဖိညှစ်ဖို့ ဘောလုံး (stress ball)လိုဟာမျိုးကို ပေးထားနိုင်ပါတယ်။

 

သူတို့ ပျင်းနေတဲ့အခါမျိုးမှာလည်း လက်မပိုစုပ်တတ်ပါတယ်။ အဲ့ဒီအချိန်မှာ အရောင်ခြယ်ဖို့ ပုံတစ်ပုံပုံဖြစ်စေ၊ ဘောလုံးကို အပြန်အလှန်ပစ်ဆော့တာမျိုးဖြစ်စေ၊ လက်ချောင်းပန်းချီ ခြယ်မှုန်းဖို့ဖြစ်စေ လုပ်ဖို့ အားပေးပါ။

 

🗝 ကလေးကို များများချီးကျူးပေးပါ

ကလေးဟာ လက်မကို ပါးစပ်မှ ဖြုတ်လိုက်တာ မြင်တိုင်း ချီးမွမ်းခြင်းပြုလုပ်ပေးပါ။ "သားက လက်မကို ပါးစပ်ထဲက ထုတ်ဖို့သတိရသားပဲ ကောင်းလိုက်တာ" ဒါမှမဟုတ် "သမီးရဲ့လက်တွေကို အရုပ်တွေပဲ ကိုင်ပြီး ပါးစပ်ထဲက မထည့်မိဖို့ ထိန်းနေတာ မေမေသတိထားမိတယ်။ ဒါအလွန်ကောင်းတဲ့ ကြိုးစားမှုပဲ” စသဖြင့် သူတို့ရဲ့ တိုးတက်ပြောင်းလဲလာမှုကို အသိအမှတ်ပြုပေးပါ။

 

🗝 စိတ်လှုပ်ရှားမှုနဲ့ ရင်ဆိုင်ရာမှာ သုံးဖို့ အခြားနည်းလမ်းအသစ်တွေကို သင်ကြားပေးပါ။

ကလေးဟာ ကြောက်ရွံ့ခြင်း၊ စိုးရိမ်ခြင်း၊ ဝမ်းနည်းခြင်း ဒါမှမဟုတ် ငြီးငွေ့ခြင်းတို့ကို ရင်ဆိုင်ဖို့အတွက် ၎င်း၏လက်မကို နို့စို့သလို စုပ်နေနိုင်ပါတယ်။ အထက်ပါ မသက်မသာခံစားချက်တွေကို ကိုင်တွယ်ဖြေရှင်းဖို့ အခြားနည်းဗျူဟာတွေကို တတ်မြောက်အောင် ကူညီပေးဖို့လည်း အရေးကြီးပါသည်။

ဥပမာ - စကားဖြင့်ပြောဆိုခြင်း၊ ပုံဆွဲခြင်း၊ အသက်ပြင်းပြင်းရှူခြင်း

 

🗝ကလေးရဲ့လက်ပေါ်မှာ အနံ့နည်းနည်း ပြင်းတဲ့ ဆေးရည်လိမ်းထားတာ (ကလေးမတော်တဆ မြိုချမိရင် အန္တရာယ်မဖြစ်တဲ့ ဆေးရည်ဖြစ်ဖို့လိုပါတယ်။)၊ သီချင်းနားထောင်တာ၊ ဒါမှမဟုတ် ရိုးရှင်းပြီး ကလေးနဲ့သင့်တော်တဲ့ ယောဂလှုပ်ရှားမှုတွေလုပ်ပေးတာကလည်း ကလေးရဲ့ခံစားချက်ကို ပိုကောင်းစေပြီး လက်မစုပ်တဲ့ နည်းလမ်းကို အစားထိုးနိုင်ပါတယ်။

 

🗝 တစ်ခါတစ်ရံ ထောက်ပြပါ။

လက်မစုပ်တာကို အမြဲအာရုံစိုက်ထောက်ပြနေတာ မကောင်းပေမယ့် (ကလေးက မိဘရဲ့တုံ့ပြန်မှုကို မြင်ရင် ပိုလုပ်နိုင်တဲ့အတွက်) ကလေးက လုံးဝသတိမထားမိဘဲ ဆက်လုပ်နေမယ်ဆိုရင် တစ်ခါတစ်ရံ ထောက်ပြသတိပေးနိုင်ပါတယ်။

 

 

🗝 ကလေးရဲ့  လက်မစုပ်တဲ့ အလေ့အထကို ဖျောက်ဖို့ ကလေးနဲ့ သဘောတူညီမှုယူပြီး သတိပေးတဲ့အခါ “လက်မ လက်မ” လို့ ပြောပေးခြင်းမျိုး ဒါမှမဟုတ် တခြားစကားဝှက် တစ်ခုခု ကလေးနဲ့အတူ စဥ်းစားပြီး ပြောပေးတာဟာလည်း အထောက်အကူပြုတဲ့ နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။ "သား/သမီးရဲ့ ပါးစပ်က စားသောက်ဖို့၊ စကားပြောဖို့ဖြစ်ပြီး သား/သမီးရဲ့ လက်တွေက တည်ဆောက်ကစားဖို့  အရုပ်တွေကိုင်တွယ်ဖို့" လို့လည်း ပြောနိုင်ပါတယ်။

 

🗝 နောက်ဆက်တွဲ အကျိုးဆက်တွေကို ရှင်းပြပါ။

လက်မစုပ်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ သွားနှင့်ခံတွင်းပျက်စီးမှုအကြောင်း အရှည်ကြီးရှင်းပြတာမျိုးကို  အသက် ၂ နှစ်အရွယ်ကလေးက နားမလည်သော်လည်း၊ "လက်မစုပ်တာဟာ သွား‌တွေ အတွက် မကောင်းတဲ့အ‌ကြောင်း။ ပိုးမွှားတွေအကြောင်း" လည်း စကားစပ်ပြီး ပြောနိုင်ပါတယ်။ "သားရဲ့လက်မမှာ မကောင်းတဲ့ ပိုးမွှားတွေရှိတတ်ပြီး အဲ့ဒါတွေ ပါးစပ်ထဲရောက်သွားနိုင်တယ်” ရှင်းပြနိုင်ပါတယ်။ သို့သော် ကြောက်သွားအောင် အလွန်အမင်း ခြိမ်းခြောက်တာမျိုး ရှောင်ရှားပေးပါ။

 

🗝 လက်မစုပ်ခြင်းကို တားဆီးနိုင်တဲ့ ကိရိယာတွေကိုလည်း သုံးနိုင်ပါတယ်။

ကလေးငယ်သေးပါက လက်မ သို့မဟုတ် လက်ချောင်းတွေကို စွပ်ဖို့ ပလတ်စတစ်အစွပ်ကို ဝယ်ယူအသုံးပြုနိုင်ပါတယ်။ ဒါပေမဲ့ ပုံမှန်သန့်ရှင်းပေးဖို့တော့ လိုအပ်ပါတယ်။

ဒါကို တပ်ထားပါက ကလေးအများစုဟာ အဲ့ဒီအချိန်မှာ လက်မစုပ်တော့ပါ။ အဲ့ဒီကိရိယာတွေဟာ နှစ်ပတ်လောက်အကြာနဲ့ ကလေးရဲ့ လက်မစုပ်တဲ့ အလေ့အကျင့်ကို ဖောက်ဖျက်ပေးနိုင်ပါတယ်။ ဒါပေမဲ့ အားနည်းချက်အချို့ရှိပါတယ်။ အဲ့ဒါတွေကတော့ လက်မအဖုံးဟာ ကလေးတွေရဲ့ လက်အသုံးပြုမှုကို ကန့်သတ်ထားတဲ့အတွက် ကလေးတွေ ကစားတဲ့အချိန်နဲ့ အစားအစာစားချိန်မှာ အခက်အခဲရှိနိုင်တာပါပဲ။

 

🗝ဆုပေးခြင်း။

အပြုသဘောဆောင်တဲ့ အားပေးခြင်းက ကလေးကို သူတို့ရဲ့ လက်ချောင်းတွေကို ပါးစပ်ထဲမထည့်ဖို့ လှုံ့ဆော်ပေးနိုင်ပါတယ်။ စတစ်ကာဇယားကို ဖန်တီးပြီး တစ်နေ့တာအတွက် သတ်မှတ်ထားသော အချိန်တွေမှာ ကြိုးစားမှုအလိုက် စတစ်ကာလေးများ ပေးနိုင်ပါတယ်။

 

ကလေးကို နှစ်ဆယ့်လေးနာရီပတ်လုံး ထိုင်မကြည့်နိုင်ပေမဲ့ "သား ဆရာမတို့နဲ့ ဂိမ်းကစားနေတဲ့အချိန် လက်မမစုပ်တဲ့အတွက် စတစ်ကာတစ်ခုပေးတာ" လို့ ပြောနိုင်ပါသည်။ ကလေးဟာ စတစ်ကာကြိုက်သူမဟုတ်ပါက " သားစတစ်ကာငါးခုရရင် ပန်းခြံမှာ အတူသွားကစားကြမယ်" လို့ပြောနိုင်ပါတယ်။

 

ကလေးလက်မပေါ် ရှာလကာရည်အနည်းငယ်စွတ်လိမ်းထားခြင်းဟာလည်း  အန္တရာယ်ဖြစ်စေခြင်းမရှိဘဲ အရသာမကြိုက်ခြင်းကြောင့် လက်မစုပ်မှုကို လျှော့ချနိုင်တဲ့အတွက် စမ်းကြည့်နိုင်ပါသည်။ ကလေးရဲ့ ကိုင်တွယ်ဖြေရှင်းနိုင်မှုစွမ်းရည် (coping skills)တစ်ခုကို ဖယ်ရှားဖို့ သူကိုယ်တိုင် အဆင်သင့်မဖြစ်မချင်းတော့ အတင်းမဖြတ်သင့်သေးပါ။ အခြားနည်းလမ်းတွေ အစားထိုးနိုင်မှ ဖြတ်တာပိုကောင်းပါတယ်။

 

ကလေးဟာ လမ်းလျှောက်တတ်ခါစ အရွယ်ဆိုပါက လူကြီးမိဘတွေ အတွက် စိတ်ရှည်ဖို့ တကယ်အရေးကြီးပါတယ်။ ကလေးရဲ့ ညစ်ပတ်တဲ့ လက်မ ပါးစပ်ထဲရောက်သွားတာကို ကြည့်ပြီး တစ်ခါတစ်ရံ စိတ်ပျက်စရာမိကောင်း မိပါလိမ့်မယ်။ သူအဆင်သင့်ဖြစ်တဲ့အခါမှာ ကလေးဟာ သူ့အမူအကျင့်ကို ဘာသာရပ်တန့်နိုင်စွမ်းရှိကြောင်း အမြဲသတိရပါ။

 

လက်မစုပ်သည့်အလေ့အထကို ဖျောက်ဖျက်ရန် ကြိုးစားရာမှာ ကလေးမှ တုံ့ပြန်မှုမရှိပါက မိဘအတွက် ဖိအားဖြစ်စေနိုင်ပါတယ်။ ကလေးဟာ  အသက်ငါးနှစ်နဲ့ အထက်ဖြစ်ပါက မိဘအနေနဲ့ လုပ်ဆောင်နိုင်တဲ့ နောက်ထပ်အဆင့်ကတော့ ကလေးအထူးကုဆရာဝန် သို့မဟုတ် ကလေးသွားဆရာဝန်နှင့် ဆွေးနွေးဖို့ပါပဲ။ သွားဆရာဝန်ထံက သတိပေးချက်ကို နားထောင်ရခြင်းဟာ ကလေးကို လက်မစုပ်ခြင်းရပ်တန့်ဖို့ လှုံ့ဆော်မှုပိုပေးနိုင်ပါတယ်။

 

ဗျူဟာတစ်မျိုးတည်းဟာ ကလေးတိုင်းအတွက် အလုပ်မဖြစ်ကြောင်း မှတ်ယူထားပါ။ အချို့ကလေးက သူတို့ရဲ့ သွားတွေ ဘယ်လို ထိခိုက်နိုင်တယ်ဆိုတာ သိရင် ရပ်တန့်ပေမဲ့ အချို့ကတော့ ဆုပေးစနစ်များကျင့်သုံးမှသာ တုံ့ပြန်ကြပါတယ်။ မိမိလုပ်ငန်းစဥ်တွေကိုသာ ပုံမှန်မပျက် ကြိုးစားလုပ်ဆောင်ဖို့ စိတ်ရှည်လက်ရှည်ထားပါ။


ချစ်ခင်စွာဖြင့်

KHK


Image and content credits are mentioned in the comments section.

 👶 ကလေးတွေမှာ လက်မစုပ်တာကို ဘယ်လိုရပ်တန့်မလဲ။👶

 

လက်မစုပ်ခြင်းဟာ ကလေးတွေမှာ ဖြစ်ရိုးဖြစ်စဉ်တစ်ခုပဲ ဖြစ်ပါတယ်။

ကလေးငယ်ဟာ မိခင်ရဲ့ ဝမ်းဗိုက်ထဲမှာ ကတည်းက လက်မစုပ်ခဲ့ပြီး မွေးကင်းစအရွယ်မှာ ထိုအလေ့အထကို ပိုမိုခိုင်မြဲလာနိုင်ပါတယ်။ ကလေးငယ်ရွယ်စဥ်မှာ စိတ်သက်သာရာရစေဖို့ဖြစ်စေ အိပ်ပျော်စေဖို့ဖြစ်စေ ပါးစပ်ထဲကို လက်ချောင်း ဒါမှမဟုတ် လက်မကို စုပ်ခြင်းလုပ်တာဟာ ပုံမှန်ပဲဖြစ်ပါတယ်။

 

ငယ်သေးတဲ့အရွယ်မှာ ဒီအကျင့်က ဘာအန္တရာယ်မှ သိပ်မရှိပါဘူး။ ဒါပေမယ့် ကလေးက ဒါကို အမြဲလိုလို လုပ်နေတာကို သတိပြုမိရင် ချိုလိမ်နဲ့ အစားထိုးဖို့ ကြိုးစားကြည့်ပါ။ ချိုလိမ်ဟာလည်း အလားတူပြဿနာတွေကို ဖြစ်စေနိုင်ပေမဲ့ အကျင့်ကနေရပ်ဖို့ လုပ်ရတာ ပိုမိုလွယ်ကူတာတွေ့ရပါတယ်။ အသက်နည်းနည်းရလာရင် ချိုလိမ်ကြီးကို စုပ်တာမျိုး သူတို့ရှက်တတ်လာတဲ့အတွက် ပြတ်သွားတတ်ပါတယ်။

 

ကလေးတစ်ယောက် အရွယ်ရောက်လာတာနဲ့ လက်မစုပ်တာက သူ့ဘာသာသူ ပျောက်သွားတတ်ပါတယ်။ ဒါပေမဲ့ အချို့ကလေးတွေဟာ ဒီအကျင့်ကို လက်သည်းကိုက်ခြင်းလို အခြားအကျင့်တွေနဲ့ အစားထိုးတတ်ကြပါတယ်။

 

ကလေးဟာ လက်မစုပ်ခြင်းကို စိတ်ငြိမ်အောင်လုပ်တဲ့ နည်းလမ်း (coping strategies) အဖြစ် အသုံးပြုပါက အသက် နှစ်နှစ်နှင့် လေးနှစ်ကြားမှာ အခြားနည်းလမ်းတွေကို စတင်အသုံးပြုလာတတ်ပါတယ်။ ဥပမာအားဖြင့် ဘာသာစကားစွမ်းရည် ဖွံ့ဖြိုးလာခြင်းဟာ လက်မစုပ်ခြင်းအလေ့အကျင့်ကို သဘာဝအတိုင်း အဆုံးသတ်သွားလေ့ရှိပြီး ဒါဟာ ကလေးက သူ့ခံစားချက်တွေကို နှစ်သိမ့်ဖို့ စကားနဲ့ ပြောတတ်လာလို့လည်း ဖြစ်ပါတယ်။ 🎐

 

မူကြိုနှစ်များအထိ လက်မစုပ်ခြင်း ဒါမှမဟုတ် ချိုလိမ်စို့ခြင်း တစ်မျိုးမျိုး  ဆက်လက်ရှိနေပါက နောက်ဆက်တွဲပြဿနာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ကလေးဟာ ဒီအလေ့အကျင့်တွေကို သဘာဝအတိုင်း မရပ်တန့်နိုင်ပါက ပါးစပ်နှင့် စကားပြောခြင်းဆိုင်ရာ ဖွံ့ဖြိုးမှုပြဿနာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

 

ကလေးအသက် ငါးနှစ် ခြောက်နှစ်ရောက်လာတာနဲ့ ကျောင်းမှာ ရွယ်တူချင်း ဖိအား (peer pressure)ကြောင့် ရပ်သွားနိုင်ပေမဲ့ မိဘ၊ ဆရာတို့ဟာ ထိုအချိန်မတိုင်မီ လက်မစုပ်ခြင်းကို ရပ်တန့်ဖို့ အတိုင်းအတာတစ်ခုအထိ လုပ်ဆောင်ပေးဖို့လိုပါလိမ့်မယ်။

 

🦷 လက်မစုပ်ခြင်း   ဖြစ်လာနိုင်ချေရှိတဲ့ သွားနှင့်ခံတွင်းဆိုင်ရာပြဿနာများ 🦷

 

လက်မနှင့် လက်ချောင်းများကို စုပ်ခြင်းဟာ ကလေးပါးစပ်နှင့် မေးရိုးကို အသက် နှစ်နှစ်အရွယ်မှစပြီး အစောဆုံးထိခိုက်စေနိုင်ပါတယ်။ ဒီလိုစုပ်ခြင်းဟာ ကလေးပါးစပ်ခေါင်မိုးရဲ့ ပျော့ပျောင်းတဲ့ တစ်သျှူးတွေနဲ့ အပေါ်မေးရိုးဘေးနှစ်ဖက်ကို ဖိအားဖြစ်စေပါတယ်။

 

 

ဒီလိုဖြစ်လာရင် မေးရိုးအပေါ်ပိုင်းကို ကျဉ်းသွားစေပြီး မေးရိုးပိတ်တဲ့အခါ သွားတွေ ကောင်းကောင်း မထိဆုံနိုင်တော့ပါဘူး။ ဒီလိုဖြစ်ရင် သွားထိန်းတဲ့ နန်းကြိုးနဲ့ အခြားပြင်ဆင်မှုတွေပြုလုပ်နိုင်ပေမဲ့ စျေးကြီးပြီး သက်ရောက်မှုလည်း ရှိဖို့မသေချာတော့ပါဘူး။ မေးရိုးများ ကျဉ်းမြောင်းသွားခြင်းဟာ သနဲ့ စမကွဲတာကဲ့သို့သော စကားပြောပြဿနာများကိုလည်း ဖြစ်စေနိုင်ပါတယ်။

လက်မစုပ်ခြင်းကြောင့် ကလေးကြီးပြင်းလာတာနဲ့အမျှ အထက်နှင့် အောက်သွားများကြား ကွာဟချက် ဖြစ်လာနိုင်ပါတယ်။ ဒီအချိန်မှာ မေးရိုးဖွဲ့စည်းပုံ ပြောင်းလဲသွားပြီး လျှာကြွက်သားများလည်း ကောင်းမွန်စွာ မဖွံ့ဖြိုးသေးပဲ ဖြစ်နေနိုင်ပါတယ်။

ကလေးရဲ့ ငယ်သွားတွေ ဆုံးရှုံးပြီးနောက် ကြီးသွားတွေ ပေါက်လာတဲ့တိုင်အောင် လက်မစုပ်ခြင်းကြောင့် "buck teeth" သွားထပ်တွေ အများအပြား အသွင်အပြင် ပေါ်ပေါက်လာနိုင်ပါတယ်။

ထိုအကျင့်ကြောင့် ဖြစ်ပွားတဲ့ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်တာတွေ ပြင်းထန်မှုရှိမရှိဟာ ကလေးက မိမိရဲ့ လက်မကို ဘယ်လောက် ပြင်းပြင်းထန်ထန် စုပ်ယူသလဲဆိုတဲ့ အပေါ် မူတည်ပါတယ်။ ကလေးဟာ အလွန်အကျွံမစို့ဘဲ ပါးစပ်ထဲမှာ လက်မကို ရိုးရိုးသာသာ ငုံထားပါက အားပြင်းပြင်းစုပ်တာလောက် အထက်ကပြဿနာတွေ ဖြစ်လာမှာ မဟုတ်ပါဘူး။

ကလေးရဲ့ လက်မစုပ်ပုံကို အနီးကပ် စောင့်ကြည့်ပါ။ ပြင်းပြင်းထန်ထန် စို့တာကို သတိပြုမိရင် စောစောကပဲ အလေ့အကျင့်ကို တားဆီးဖို့ အကျင့်လုပ်ပါ။

 

Pediatric Dental Journalက ထုတ်ဝေတဲ့ ၂၀၁၆ခုနှစ် လေ့လာမှုတစ်ခုမှာ လက်စုပ်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ လက်မ သို့မဟုတ် လက်ချောင်းရှိ အသားမာအရာတွေဟာ ကလေးငယ်တွေ မေးရိုးခုံးသွားတဲ့အခါ သွားတွေရဲ့ ပျက်ယွင်းမယ့် အနေအထားကို ခန့်မှန်းပေးနိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။

 

သွားဆရာဝန်တွေကလည်း လမ်းလျှောက်တတ်စကလေးငယ်တွေနဲ့ မူကြိုအရွယ်ကလေးငယ်တွေဟာ လက်မှာ အသားမာတက်အောင် လက်မကို မကြာခဏ နဲ့ ပြင်းထန်စွာ စုပ်ပါက မေးရိုးနှင့် သွားဘက်ဆိုင်ရာ ပြဿနာတွေ ဖြစ်နိုင်ခြေရှိတာကို ဖော်ကြကြပါတယ်။ ဒါပေမဲ့ အဲ့ဒီသုတေသနမှာပဲ ကလေးတွေဟာ အသက်လေးနှစ်အရွယ်မှာ လက်မစုပ်တာကို ရပ်လိုက်တဲ့အခါ မေးရိုး ဒါမှမဟုတ် သွားနှင့်ခံတွင်းဆိုင်ရာ ပြဿနာတွေဟာ သူတို့ဘာသာ ပြန်ကောင်းလာနိုင်ကြောင်း ဖော်ပြခဲ့ပြန်ပါတယ်။

 

ဒါ့ကြောင့် သင့်ကလေးရဲ့ လက်မစုပ်တဲ့ အလေ့အထအကြောင်း ကလေးပြတဲ့ သွားဆရာဝန်နှင့် ဆရာဝန်တို့ကို ပြောပြထားဖို့ အရေးကြီးပါတယ်။ ပြဿနာတွေကို စောစီးစွာ ဖော်ထုတ်ခြင်းဟာ ဖြေရှင်းရန်အတွက် သော့ချက်ပဲဖြစ်ပါတော့တယ်။


KHK


လက်မစုပ်ခြင်း သက်သာဖို့ နည်းလမ်းတွေကို ဆက်လက်ဖော်ပြပေးပါမယ်။


 #လက်မစုပ်ခြင်း 


Content sources: How to Stop Thumb Sucking in Kids

By Amy Morin

👇ကလေး နှင့် Introjuction👇

 👇ကလေး နှင့် Introjuction👇

 










ယခုဆောင်းပါးတွင် ကလေးများ၏ Introjection (ထည့်သွင်းရယူလိုက်ခြင်း)အကြောင်း ပြောမည်ဖြစ်ပါသည်။ စိတ်ပညာဘာသာရပ်တွင် Introjectionဆိုသည်မှာ လူများ သို့မဟုတ် ကလေးများသည် အခြားသူများ၏ မျှော်လင့်ချက်များနှင့် မှန်းဆချက်များပေါ် အခြေခံပြီး ပြုမူကြကာ ထိုအပြုအမူ (သို့မဟုတ်) အရည်အချင်းများကို မိမိကိုယ်ပိုင် ဝိသေသကဲ့သို့ ရယူလိုက်ခြင်းမျိုး ဖြစ်ပါသည်၊ Introjection အတွက် ဥပမာတစ်ခုကို အောက်တွင် ဖော်ပြပါမည်။


မောင်မောင်သည် အသက်၄ နှစ်အရွယ်ရှိပြီး အဝတ်အစားများကို မိမိဘာသာကောင်းစွာ ဝတ်စားဆင်ယင်တတ်ပြီ ဖြစ်ပါသည်။ သူ့မိခင်သည် လတ်တလောတွင် များစွာ အလုပ်ရှုပ်နေသောကြောင့် အိမ်၌ အလျင်အမြန်ပြေးလွှား လှုပ်ရှားနေရပြီး အပြင်သွားစရာတစ်ခုရှိသောကြောင့် ပြင်ဆင်လျက်ရှိသည်။ မိခင်သည် မောင်မောင်၏ ညီလေးဖြစ်သော အသက် ၅လအရွယ် ကလေးအငယ်အတွက် လိုအပ်သော ပစ္စည်းများကို ထည့်နေရသည်ဖြစ်ရာ မောင်မောင်အတွက် အဝတ်အစားများ ပြင်ဆင်ပေးရန် အချိန်မပေးနိုင် ဖြစ်နေသည်။ ထို့ကြောင့် မိခင်က ကြည့်ကောင်းသော အဝတ်အစားတချို့ကို မြန်မြန်ယူကာ ဝတ်ဆင်ထားရန် ပြောလိုက်သည်။ သူမသည် အရင်က အတူတူ အလုပ်လုပ်ခဲ့ဖူးသော အချစ်ဆုံး လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းနှစ်ဦး နှင့်အတူ နေ့လည်စာစားရန် ကလေးများကိုပါ ခေါ်ဆောင်သွားရမည်ဖြစ်သည်။ 


သို့နှင့် မောင်မောင်လည်း သူကိုယ်တိုင် အဝတ်အစားကို ကောင်းမွန်စွာ ရွေးချယ်ဝတ်နိုင်ကြောင်း မိခင်ကို ပြသနိုင်မည်ဖြစ်သည့်အတွက် စိတ်လှုပ်ရှားနေသည်။ သူရှာတွေ့သမျှထဲမှ အတောက်ပဆုံးနှင့် အကြီးဆုံးသော ရှပ်အင်္ကျီ၊ အမိုက်ဆုံးဂျင်းဘောင်းဘီကို ရွေးလိုက်သည်။ ထို့နောက် ဂုဏ်ယူစွာ ဝတ်ဆင်ပြီး သူကောင်းမွန်စွာ အဝတ်အစားကောင်းများ ရွေးချယ်တတ်ပုံ နှင့် မည်မျှလျင်မြန်စွာ ဝတ်ဆင်နိုင်ပုံကို မိခင်အား ပြသရန် ကြိုးစားပါသည်။ ထိုအချိန် မိခင်မှာ အိမ်စောင့်ပေးမည့်သူ မလာနိုင်သဖြင့် ဖုန်းပြောကာ စိတ်ရှုပ်နေသည်။


ထိုအချိန် မောင်မောင်က သူဝတ်စားထားသည်ကို မိခင်အား ပြသရန် ထွက်လာသည်။ သို့သော် မိခင်သည် မောင်မောင်ရွေးချယ်ထားသော အဝတ်အစားများ၏ မလိုက်ဖက်မှုကို ကြည့်ကာ သဘောမကျဘဲ စိတ်ပျက်သည့် မျက်နှာဖြင့် ရှုံးမဲ့ပြပြီး လက်တစ်ခါခါဖြင့် ပြန်သွားလဲဝတ်ဆင်ရန် စေခိုင်းပါသည်။ မိခင်၏ ထိုသို့ သဘောမကျသည့် တုံ့ပြန်မှုကြောင့် ရှုံးနိမ့်မှု ခံစားသွားရသော မောင်မောင်သည် သူဟာ သူဘာသာ မည်သို့ဝတ်စားဆင်ယင်ရမည်ကို မသိသောသူတစ်ယောက်ဖြစ်ကြောင်း ဆုံးဖြတ်လိုက်သည်။ 


ထို့ကြောင့် သူသည် မိမိအဝတ်အစားများကိုချွတ်ပြီး အမေလာမည်ကို အခန်း‌ထောင့်တွင် ထိုင်‌စောင့်နေသည်။ မိခင်အခန်းထဲကို ရောက်သည့်အချိန်တွင် တွေ့လိုက်ရသောမြင်ကွင်းကြောင့် အလွန်ဒေါသထွက်သွားသည်။ အဘယ်ကြောင့်ဆိုသော် မြင်လိုက်ရသည်မှာ မောင်မောင်သည် မည်သည်မျှ ဝတ်စားထားခြင်းမရှိဘဲ မလုပ်တတ်မကိုင်တတ် တုံးအသည့်ပုံစံဖြင့် ထိုင်နေသောကြောင့် ဖြစ်သည်။ မိခင်သည် ပိုမိုစိတ်ပျက်စွာ မောင်မောင်အား ဘာမှမလုပ်တတ်သည့်ကလေးဟု ဆူပူမာန်မဲမိတော့သည်။ အခုတော့ မောင်မောင်သည် ပိုမိုဆိုးရွားစွာ ခံစားရပါသည်။ သူ့ကိုယ်သူလည်း ကောင်းမွန်စွာမဝတ်တတ် မစားတတ်သူ မလုပ်တတ် မကိုင်တတ်သူအဖြစ် ခံယူလိုက်ပါသည်။


ငယ်ရွယ်သောကလေးများရှိပြီး မိသားစုအတွက် နေ့စဉ်လုပ်ရိုးလုပ်စဉ်များ အဆင်မပြေစွာနှင့် ခက်ခဲစွာ ရုန်းကန်လှုပ်ရှားနေရသည့် စိတ်ဖိစီးမှုများသော မိခင်များသည် အလားတူ အကဲဖြတ်ချက်များနှင့် ငြင်းပယ်မှုများကို ကလေးများအပေါ် မကြာခဏ ပြုမိလေ့ရှိပါသည်။ ငယ်ရွယ်သော မောင်မောင်သည် သူ၏ ဘဝမစတင်မှီကပင် ရှုံးနိမ့်မှုကို ခံစားခဲ့ရသည်။ ၎င်းသည် negative introjection ဖြစ်ပါသည်။


ကျွန်မတို့လူကြီးများသည် မိခင်များ၏ ခက်ခဲမှုနှင့် အဆင်မပြေမှုများကို နားလည်ပေးနိုင်သည်။ နောက်ကွယ်က ရှိသည့် အကြောင်းအချက်များကိုလည်း မြင်နိုင်ကာ လက်ခံပေးနိုင်ပါသည်။ သို့သော် မောင်မောင်သည် ကလေးသာဖြစ်သောကြောင့် မိခင်ဖြစ်သူ၏ အလေးထားဆုံးသော လူမှုရေးမိတ်ဆွေများကို သွားရောက်တွေ့ဆုံရန်မှာ မည်မျှအရေးကြီးကြောင်းကို နားမလည်နိုင်ပါ။ မိခင်သည် အိမ်စောင့်မလာသောကြောင့် ပို၍စိတ်ညစ်ညူးကာ စိတ်လောနေကြောင်းလည်း မသိပါ။ မောင်မောင်သိသည်မှာ အမေသည် သူရွေးချယ်သောအရာများကို မကြိုက်။ သူသည် သူ့ကိုယ်သူ အသုံးမကျသောသူဟု ထင်နေပါသည်။ သူ့အမေ၏ အပြုအမူနှင့် အထင်အမြင်ကို သူနားလည်သလို အဓိပ္ပါယ်ကောက်ယူကာ သူကိုယ်သူ ထိုသို့သတ်မှတ်ခဲ့သည်။ နောက်ပိုင်းနှစ်များတွင် သူသည် သူကိုယ်သူ မည်သူမည်ဝါအဖြစ် identity သတ်မှတ်ရန် ထိုအဖြစ်အပျက်များက လုံးဝဥဿုံ သို့မဟုတ် တစ်စိတ်တစ်ပိုင်းဖြစ်စေ ပံ့ပိုးလာလိမ့်မည် ဖြစ်သည်။ 


မိခင်သည် တကယ်တမ်းတော့ မောင်မောင့်ကို တုံးအသည်ဟု မြင်ခြင်းမဟုတ်နိုင်ပါ။ သူ့သူငယ်ချင်းများ ရှေ့တွင် အရောင်တောက်တောက်အနီရောင်ရှပ်အင်္ကျီအကြီးကြီး နှင့် အပြာရောင်အစင်းနှင့် ဂျင်းဘောင်းဘီကို ဝတ်ဆင်ထားသော သူ၏သားကို မြင်တွေ့မည်အား ရှက်သောကြောင့်လည်း ဖြစ်နိုင်ပါသည်။


သို့သော် မောင်မောင်သည် သူမ၏ တင်းမာမှု၊ မျက်နှာအမူအရာများ - လှုပ်ရှားမှုများကို ပို၍ အကဲဆက်စွာ ခံစားခဲ့ရသည်။ ကလေးများသည် ထိုးထွင်းသိမြင်တတ်ပြီး အမြင်အချို့ကို အလွယ်တကူ ကောက်ချက်ချ လက်ခံတတ်သူများလည်း ဖြစ်ကြပါသည်။ ထို့ပြင် အဘယ်ကြောင့် ထိုသို့ဖြစ်ရသည်ဟူ‌သော မေးခွန်းကို မိမိဘာသာ အဓိပ္ပါယ်ကောက်ပြီး မှန်တွင်မြင်ရသကဲ့သို့ မိမိကိုယ်ကိုသတ်မှတ်ကာ ပတ်ဝန်းကျင်နှင့် အဆင်ပြေစေရန် မိမိကိုယ်ကို ထိန်းချုပ်တတ်ကြပါသည်။


ကလေးများသည် ကိုယ့်ကိုယ်ကို အဓိပ္ပါယ်ဖွင့်ရန် ပတ်ဝန်းကျင်မှာ ရှာဖွေနေကြသည်။ သူတို့အား ပြုစုစောင့်ရှောက်သူများ၏ မျက်နှာများကိုကြည့်ပြီး မှန်များသကဲ့သို့ ပြုမူသည်။ သို့သော် သူတို့သည် သူတို့ကိုယ်သူတို့ ပြန်မြင်ရန်ကြည့်ခြင်း မဟုတ်ဘဲ သူတို့၏ ချစ်လှစွာသော အုပ်ထိန်းသူများ စွန့်ပစ်ငြင်းပယ်ခြင်းခံရမည်ကို ကြောက်ရွံ့‌သောကြောင့် ကြည့်ကာ ထိုအတိုင်း ပြုလုပ်ကြခြင်းဖြစ်သည်။ သူတို့နှင့် စောင့်ရှောက်သူများအကြား ဆက်ဆံရေးကို ကောင်းမွန်အောင်ထိန်းသိမ်းရန်အတွက် ထိုသူတို့ သတ်မှတ်သည့်အတိုင်း နေကြရမည်ဟု ထင်မြင်ကြသည်။ 


ကလေးများအနေနှင့် သူတို့လုံးလုံးလျားလျား မှီခိုနေရသူ‌သော ပြုစုစောက်ရှောက်သူများထံမှ ရရှိသောအရာများမှာ များပြားလှသည်။ သူတို့၏ ကိုယ့်ကိုယ်ကိုယုံကြည်မှုသည် တကယ်လက်ရှိအရည်အချင်းများနှင့် မကိုက်ညီဟု မြင်လာပြီး သူများတွေ ထင်ဟပ်ပြသည့်တိုင်း နေဖြစ်လာတယ်။ 


ထို့ကြောင့် မိဘများမှ ၎င်းတို့မဖြေရှင်းနိုင်သည့် ပြဿနာများကို ကလေးများအပေါ် projection (အရောင်ပြန်ခြင်း- မိမိ၏ စိတ်အခြေအနေ၏ ရောင်ပြန်အဖြစ် အခြားသူများအပေါ်တွင် ထင်ဟပ်ပြခြင်း)ပြုလုပ်တတ်ကြပါသည်။ ထိုသို့ပြုလုပ်သော အရာမှန်သမျှသည် ကလေးများ၏ identityဖြစ်ပေါ်လာ‌စေပါသည်။ ဝမ်းနည်းစရာအကြောင်းအရာမှာ ကလေးများသည် ထိုသို့ပြုလုပ်ခြင်းကို ငြင်းပယ်နိုင်စွမ်းရှိ‌အောင် မဖွံ့ဖြိုးသေးကြသေးခြင်း ဖြစ်ပါသည်။


Original Author - Andrea Mathews LPC, NCC ၏ Identity and Introjectionကို မှီငြမ်းကာ ရေးသားထားပါသည်။ 

Image: https://upload.wikimedia.org/wikipedia/commons/1/1a/ABA_1.png


KHK


Social Media မှာ ဖွင့်ထုတ်ခြင်း

 social mediaမှာ ရေးတာဂရုစိုက်စေချင်တယ်လို့ ချစ်တဲ့ခင်တဲ့ မိတ်ဆွေတွေကို သတိပေးမိကြမှာပါ။ တကယ်တော့ အခုလိုအချိန်မှာ social media ပေါ်မှာ ရေးတာသားတာတွေဟာ ပိုထိရှလွယ်လာတဲ့အတွက် စိုးရိမ်မိတာမှန်ပါတယ်။

သို့သော် ဒီလိုစိုးရိမ်စိတ်တွေကြောင့် ကိုယ့်ခံစားချက်တွေ ရင်ဖွင့်တဲ့အခွင့်အရေး ဆုံးရှုံးရတော့မလား။

 အဲ့ဒီလိုဟာလည်း တရားမျှတမှုမရှိဘူးလို့ မြင်ပါတယ်။

လူတိုင်းမှာ ဒီလိုရင်ဖွင့်ဖို့ အခွင့်အရေးရှိရမယ်။

ခံစားရတာတွေ ပြောလို့ရရမယ်။

အထူးသဖြင့် မိတ်ဆွေနည်းသူတွေက ဒီမှာရင်လာဖွင့်လေ့ရှိကြတယ်မဟုတ်ပါလား။

လူဆိုတာ အမြဲအကောင်းမြင် မနေနိုင်ကြပါဘူး ရေးမိပြောမိရှိကြတာပါပဲ။

အဓိကကဒီအပေါ်မှာ ရေးသမျှပြောသမျှဟာ မှတ်တမ်းဖြစ်နေတတ်လို့ တစ်ချိန်ချိန်မှာ သူများကိုထိခိုက်မိနိုင်တာ ကိုယ့်ကိုထိခိုက်လာနိုင်တာတွေ ရှိလာနိုင်တဲ့အတွက် ဆင်ခြင်ကြရတာပဲ ရှိပါတယ်။ စစ်မှန်တဲ့ခံစားချက်တွေတော့ ရေးနိုင် ဖော်ပြနိုင်ကြပါတယ်။

 

လူတွေရဲ့အထင်အမြင်မှာ ခံစားချက်ဆိုတာ သိမ်းဆည်းချုပ်ကွပ်ထားရမဲ့အရာလို့ လက်ခံထားကြတာများတဲ့အခါ မလွှဲမရှောင်သာ ရောက်ရှိလာတဲ့ခံစားချက်တွေကို ဘယ်သူ့မှ မရိပ်မိအောင် ထိန်းသိမ်းထားလိုက်ရလေ့ရှိကြတယ်။ ဒီလိုမဟုတ်ဘဲ ခံစားချက်အလိုက် ပြုမူပြောဆိုလိုက်ရင်ပဲ ကလေးဆန်သွားသလို၊ ကိုယ့်အားနည်းချက်ကို လူသိခံမိသလို ဖြစ်မှာ စိုးရိမ်နေကြရတယ်။

 

အဲ့ဒီလို ဖြစ်ပေါ်လာတဲ့ ခံစားချက်တွေကို ချိုးနှိမ်ဖုံးကွယ်လိုက်တာဟာ သူများတွေ မတွေ့မမြင်အောင်ဆိုရင် သိပ်ကိစ္စမရှိပေမဲ့ ကိုယ်ကိုကိုယ်တိုင်ဆီကနေ ဖုံးကွယ်နေပြီဆို ပြဿနာရှိလာပါပြီ။ ကိုယ့်ကို သူများကမသိတာ နားမလည်တာ ပြဿနာမကြီးပေမဲ့ ကိုယ့်ကိုကိုယ်မသိတာ နားမလည်တာဟာ ပိုပြဿနာကြီးပါတယ်။

 

ဘာဖြစ်လို့လဲဆိုတော့ ခံစားချက်တွေဆိုတာ ဘယ်မှရောက်မသွား ပျောက်မသွားတတ်လို့ပါပဲ။ တစ်ချိန်ချိန်မှာ တနည်းနည်းနဲ့ ကျွန်မတို့ဆီကနေ ပုံစံတစ်မျိုးမျိုးနဲ့ ပြန်ထွက်ပေါ် ရုပ်လုံးပြလာကြမှာပါ။

 

လူတစ်ယောက်ကို အပြင်လူအမြင်မှာ ခံစားချက်မဲ့သူ တည်ငြိမ်သူကြီးလို့ ထင်မြင်နိုင်ပါတယ်။ တကယ်တမ်း သူ့လောက် ခံစားတတ်တာ ခံစားလွယ်တာ သူပဲရှိတဲ့လူ ဖြစ်နေနိုင်ပါတယ်။ လူတိုင်းဟာ ပြီးပြည့်စုံတဲ့ ဘဝအခြေအနေတွေနဲ့ ဖြတ်သန်းလာကြရတာ မဟုတ်တဲ့အတွက် လူတိုင်းမှာ စိုးရွံစရာ ကြောက်မက်ဖွယ် ခံစားချက်တွေ နေ့စဉ်ခံစားဖြတ်သန်းနေရတာပဲ မဟုတ်လား။ ဒါတွေကို ဖော်ထုတ်ခွင့်မရှိရင် ကျွန်မတို့ဟာ မပျော်ရွှင်နိုင်ကြတော့ဘဲ စက်ရုပ်သာသာ ဖြတ်သန်းဟန်ဆောင် နေကြရတော့မှာပေါ့။

 

ဒါကြောင့် မှန်ကန်တဲ့ သူများကိုမထိခိုက်နိုင်တဲ့ နည်းလမ်းနဲ့ ဖော်ထုတ်ကြတဲ့ ခံစားချက်တွေကို ကျွန်မတို့နားလည်လက်ခံပေးကြရမယ်လေ။

ကိုယ်တိုင်မကျော်ဖြတ်ခဲ့ရတဲ့ သူများဘဝလမ်းကြောင်းက ဒဏ်ရာတွေဟာ ပျက်ရယ်ပြုစရာ အားနည်းချက်တွေ မဟုတ်ဘူး။

ဒါတွေဟာ ကျွန်မတို့နဲ့ မတူညီနိုင်တောင် နားလည်လက်ခံနှစ်သိမ့်ပေးရဖို့ အခွင့်အရေးရမယ့် သူများရင်ဘတ်ထဲက ချောင်းကြည့်ပေါက်လေးတွေပါ။ လွတ်လွတ်လပ်လပ် ဖော်ထုတ်ကြပါစေနော်။ မဝေဘန်မိပါစေနဲ့ပေါ့။

 

KHK



ECD Early Childhood Development မူကြိုပညာရေး၏ အရေးပါမှု

 မေး - မူကြိုပညာရေး (Early childhood development ECD)ဟာ ဘယ်‌လောက် အရေးပါလို့လဲ။ 


ဖြေ- ဆွေစဉ်မျိုးဆက် နိမ့်ကျမသွားစေဖို့အထိ အရေးပါပါတယ်။ 


 #earlychildhooddevelopment 


ဟုတ်ပါတယ်။ အကြောင်းအရင်းကတော့။


မူကြိုပညာရေးဟာ လူတော်တော်များများ သတိထားမိလာတဲ့ topic တစ်ခု ဖြစ်လာနေပေမဲ့ အခုချိန်ထိ အဲ့ဒီလူတော်တော်များများဟာ မူကြိုပညာရေးကို ကလေးထိန်းတဲ့ပညာ ဒါမှမဟုတ်ရင် မူကြိုဆရာဆရာမတွေ မူကြိုကျောင်းတွေနဲ့ပဲ ပတ်သက်တဲ့အရာလို့ ထင်မြင်နေကြတုန်းပါပဲ။ 


မူလတန်း၊ အထက်‌တန်းလောက် အရေးပါတဲ့အရာလို့ မမြင်ကြသေးဘူး။ 


အောက်ဖော်ပြပါ UNရဲ့ ECD conceptual frameworkမှာ မူကြိုပညာရေးဟာ နိုင်ငံတစ်နိုင်ငံအပေါ် ဘယ်လောက်အတိုင်းတာထိ အရေးပါမှုရှိသလဲဆိုတာ ရှင်းရှင်းလင်းလင်းဖော်ပြထားတာ တွေ့ရမှာပါ။ 


Macro caursesလို့ခေါ်တဲ့ ကျယ်ပြန့်တဲ့ အကြောင်းအရင်းတွေဖြစ်တဲ့ အောက်ဆုံးကနေစရရင် နိုင်ငံတစ်နိုင်ငံမှာ ကလေးငယ်တွေ အထူးသဖြင့် မူကြိုကလေးတွေအတွက် ကောင်းမွန်တဲ့ ပြုစုစောင့်ရှောက်မှုတွေရဖို့ အဲဒီနိုင်ငံရဲ့ လူမူရေးအနေအထားတွေ၊ ယဉ်ကျေးမှုဆိုင်ရာ အနေအထားတွေ၊ ကျင့်သုံးတဲ့ အစိုးရရဲ့ မူဝါဒစံ/စနစ်နဲ့ ရေမြေအနေအထားတွေပေါ်မှာ များစွာ အခြေခံပါတယ်။ 


ကလေးငယ်ကို ချိုးနှိမ်ဆက်ဆံတတ်တဲ့ မလေးစားတတ်တဲ့ လူအသိုင်းအဝိုင်းဟာ ထိုနည်းတူစွာပဲ ကလေးငယ်တွေရဲ့ အခွင့်အရေးတွေကို လစ်လျူရှုပြီး ကျင့်သုံးမြဲလမ်းစဉ်နဲ့ သွားနေကြမှာပါပဲ။


ကလေးကိုချစ်တာနဲ့ မပြီးသေးပဲ ဖွံ့ဖြိုးမှုတွေဘက်စုံ တိုးတက်လာဖို့ မိဘဆွေမျိုးအပါအဝင် လူ့အသိုင်းအဝိုင်းတခုလုံးက မူကြိုပညာရေးတိုးတက်ဖို့ကို အရေးကြီးတဲ့ ကိစ္စတရပ်အဖြစ်သဘောထားကာ အတူပူးပေါင်းဆောင်ရွက်ကြရမှာပါ။


နောက်တစ်ချက်က ပဋိပက္ခတွေ၊ အကြမ်းဖက်မှုတွေ၊ မဖြေရှင်းနိုင်တဲ့အငြင်းပွားမှုတွေ၊ အထိအခိုက်မခံတဲ့ ကိစ္စရပ်တွေနဲ့ စစ်ပွဲတွေကြောင့် နေရာပြောင်းရွှေ့ နေထိုင်လုပ်ကိုင်နေကြရတဲ့ လူ့အဖွဲ့အစည်းဟာ ဘယ်အချိန်မှာများ ကလေးတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အချိန်ပေးစဉ်းစားကာ လုပ်ပေးနိုင်ကြပါ့မလဲ။ 


ဒီ့အပြင်ကလေးတွေရဲ့ ဖွံ့ဖြိုးမှုဟာ လူ့အသိုင်းအဝိုင်းတွင်မက သူ့နဲ့ ထိတွေ့ရတဲ့ ပတ်ဝန်းကျင်ညစ်ညမ်းမှု၊ အစာအာဟာရချို့တဲ့မှု၊ ရေရှားပါးမှု အစရှိတဲ့ ဒဏ်တွေကိုလည်း ခံကြရတဲ့အခါ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုတွေ ချို့တဲ့လာပါတယ်။  


လူ့အရင်းအမြစ်တွေ၊ လူမှုရေးအရင်းအမြစ်တွေ (ဆက်သွယ်ဆောင်ရွက်ခြင်းဆိုင်ရာ အရင်းအမြစ်များ)၊ ငွေကြေးအရင်းအမြစ်တွေ ရှားပါးခက်ခဲတာဟာလည်း ကလေးတွေရဲ့ ဖွံ့ဖြိုးမှုအတွက် ဆောင်ရွက်မပေးနိုင်တဲ့အချက်တွေပါ။ 


နောက်တစ်ချက်ကတော့ အပေါ်ကပြောခဲ့သလို မူကြိုကို အရေးမပါဘူး ထင်ကြတဲ့အတွက်လည်း တိုးတက်မှုနှောက်နှေးတာပါပဲ။


ကျန်တာကတော့ ကလေးတွေကို ဖွံ့ဖြိုးအောင် မူကြိုကျောင်းဖြစ်စေ နေရာထိုင်ခင်းအရင်းအမြစ်များ ဥပမာ မြေနေရာ၊ မူကြိုပညာရေး၊ လုပ်သားရှားပါးမှု (ပညာရည်ပြည့်ဝသော ရှေးဦးကလေးသူငယ် ပြုစုပျိုးထောင်သူများ ရှားပါးမှု)၊ ဝင်ငွေ (မိဘများရဲ့ဝင်ငွေ၊ ကလေးဖွံ့ဖြိုးရေးပြုလုပ်ပေးမယ့် အဖွဲ့အစည်းများ/မူကြိုများရဲ့ ဝင်ငွေ)၊ နည်းပညာပိုင်းဆိုင်ရာ။ ဒါတွေရှားပါးလာတဲ့အခါမှာ သို့မဟုတ် ထိထိရောက်ရောက်မလုပ်ပေးနိုင်တဲ့ခါမှာ (ထိထိရောက်ရောက် မလုပ်ပေးနိုင်ခြင်းအများစုဟာ အာဏာပိုင် သို့မဟုတ် အစိုးရရဲ့မူဝါဒတွေနဲ့ သက်ဆိုင်ပါတယ်။) နောက်ထပ် underlying causesတွေ တက်လာပါမယ်။


👇Underlying Causes


Macro caursesတွေက အရင်းခံလိုက်တဲ့အတွက် ဆက်လက်ဖြစ်လာတဲ့ အကျိုးဆက်တွေဖြစ်ပါတယ်။ ဒါပေမယ့်ဒီအကျိုးဆက်‌တွေဟာလည်း သူ့ရဲ့အပေါ်က အကျိုးဆက်အတွက် အကြောင်းရင်းတွေဖြစ်နေပြန်တဲ့အတွက် causesလို့ပဲသုံးပါတယ်။ 


ဒီနောက်ဆက်တွဲအကျိုးဆက်တွေဟာ အပေါ်မှာ ဖော်ပြထားပြီးတဲ့အတိုင်း တိုင်းပြည်ရဲ့ကျယ်ပြန့်တဲ့ အခြေအနေတွေကြောင့် ကလေးတွေအတွက် ဖွံ့ဖြိုးမှုပြုလုပ်မယ့် ဝန်ဆောင်မှုတွေဟာ ကလေးတွေစီ မရောက်ရှိနိုင်တော့ပါဘူး။ 


ရောက်ရှိအောင် ပြုလုပ်နိုင်တဲ့ ငွေအားလူအားမရှိသလို လုံလောက်မှုလည်း မရှိတော့ပါဘူး။ 


မြန်မာနိုင်ငံမှာ ပညာရည်ပြည့်ဝစွာ ကလေးတွေရဲ့ ဖွံ့ဖြိုးမှုကို ဦးတည်လုပ်ဆောင်ပေးနေတဲ့ မူကြို‌တွေရဲ့ လွှမ်းခြုံမှု (coverage)ဟာ နည်းနေပါသေးတယ်။ 


နောက်တစ်ခါ မူကြိုတွေတင် ပံ့ပိုးမှုပြုလုပ်ရုံနဲ့ မလုံလောက်သေးပါဘူး။ မိဘတွေရဲ့ ကလေးဖွံ့ဖြိုးမှုအပေါ် နားလည်ခြင်းတွေကို ပိုမိုတိုးတက်လာအောင် ပံ့ပိုးမှုတွေလည်း လိုအပ်ပါ‌သေးတယ်။ 


စာအစောကြီး သင်တာမှ သဘောကျတဲ့ မိဘတွေလည်း ရှိနေပါသေးတယ်။ 


ကလေးငယ်ဘဝရဲ့ တကယ်အရေးကြီးတဲ့ ပထမဦးဆုံး ရက်ပေါင်းတစ်ထောင်ဟာ မိဘတွေရဲ့လက်ထဲမှာပါ။ 


ဒီအချိန်မှာ မိဘတွေဟာ အထက်ပါ macro caursesတွေကြောင့် ကလေးတွေဖွံ့ဖြိုးအောင် လုံလောက်တဲ့ဆက်ဆံဆက်သွယ်မှုတွေ၊ အချိန်တွေမပေးနိုင်ကျတော့ပါဘူး။ ဒါဆိုရင်လည်း ကလေးငယ်တွေအတွက် ထိရောက်ကောင်းမွန်တဲ့ ဖွံ့ဖြိုးမှုတွေရရှိဖို့မလွယ်ပါ။ 


နောက်ဆုံးတစ်ချက်ဟာ ကလေးတွေရဲ့ ပတ်ဝန်းကျင်ပါ။ 

ဒီပတ်ဝန်းကျင်ဟာ အထက်ဖော်ပြပါအချက်တွေကြောင့် ကလေးတွေအတွက် စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ မရှိတဲ့နေရာ၊ ဘေးကင်းလုံခြုံတဲ့နေရာ၊ ကျန်းမာရေးအတွက် သင့်တော်တဲ့နေရာ မဖြစ်ခဲ့ရင်၊ ဘေးကင်းမှုမရှိတဲ့ အစားအစာတွေ စားနေခဲ့ရရင်လည်း ဖွံ့ဖြိုးမှုနဲ့ အလှမ်းဝေးသွားနိုင်ပါတယ်။


👇ချက်ချင်းလက်ငင်း အကျိုးသက်ရောက်မှု


ကောင်းမွန်မှန်ကန်တဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်တွေနဲ့ တွေ့ထိခဲ့ရတဲ့ ကလေးတွေဟာ ငယ်ရွယ်စဉ်မှာပဲ အတက်ကြွဆုံးဖွံ့ဖြိုးတဲ့ ဦးနှောက်ဖွံ့ဖြိုးမှုရရှိနိုင်ပါတယ်။ 


ဒီလိုဦးနှောက်ဖွံ့ဖြိုးမှုတွေ အစွမ်းအစရှိသလောက် ဖွံ့ဖြိုးသွားအောင် နှိုးဆွလှုံ့ဆော်ပေမယ့်အရာတွေ လုံလောက်စွာမရရှိတဲ့အခါ ဦးနှောက်ဖွံ့ဖြိုးမှု နိမ့်ကျသွားနိုင်ပါတယ်။ 


အကြမ်းဖက်မှုနဲ့ ဖိနှိပ်မှုတွေကြောင့် ခန္ဓာကိုယ်အတွက် မသင့်တော်တဲ့ စိတ်ဖိအား (toxic stress)တွေ ရရှိလာပါတယ်။ 


ဒီစိတ်ဖိစီးမှုဟာ ကလေးငယ်တွေအတွက် ဆိုးရွားစွာအကျိုးသက်ရောက်ပါတယ်။ 


စိတ်ပိုင်း၊ ခံစားမှုပိုင်းတွင်သာမကပဲ ရုပ်ပိုင်းဆိုင်ရာမှာပါ ထိခိုက်နိုင်တာပါ။ 


အာဟာရမလုံလောက်ခြင်းဟာလည်း ကျန်းမာ‌ဖွံ့ဖြိုးတဲ့ ကလေးငယ်တစ်ယောက်ဖြစ်ဖို့ များစွာ နှောက်ယှက်ဖြစ်စေပါတယ်။


👇ရေတို အကျိုးသက်ရောက်မှုများ


ကလေးတွေဟာ ရုပ်ပိုင်း/စိတပိုင်းဆိုင်ရာ ဖွံ့ဖြိုးကြီးပြင်းမှု နှောင့်နှေးမယ်။ 


ဘာသာစကားနဲ့ ဦးနှောက်ပိုင်းဆိုင်ရာ လုပ်ဆောင်မှုတွေ နှောင့်နှေးမယ်။ 

ပညာရေးဆိုင်ရာ စွမ်းဆောင်မှုတွေ ကျဆင်းမယ်၊ ပညာဆုံးခန်းတိုင်အောင်သင်ယူတဲ့ အရေအတွက်လည်းကျဆင်းမယ်။ 


ဒီလိုကျဆင်းရင် ဘာတွေဖြစ်မလဲ။ 


ဆက်တွေးကြည့်နိုင်ပါတယ်။ 

အခြားနိုင်ငံတွေရဲ့နောက်ကို ဆုတ်သထက်ဆုတ်သွားမယ်။ ပညာရေးဆုံးခန်းမတိုင်တဲ့အခါ ဉာဏ်ပညာနဲ့ တွေးခေါ်မျှော်မြင်မှုအပိုင်းတွေ နည်းပါးမယ်။ သူများတွေကို နားလည်နိုင်စွမ်း၊ အခြားသူတွေနဲ့ အဆင်ပြေအောင် ပူးပေါင်းဆောင်ရွက်နိုင်စွမ်းတွေလည်း ကျဆင်းလာမယ်။


👇ရေရှည်အကျိုးသက်ရောက်မှုများ


ဖော်ပြခဲ့တဲ့ အကြောင်းအရင်း အမျိုးမျိုးကြောင့် နိုင်ငံသားတွေဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေ နောက်ကျကျန်ရစ်မယ်၊ ကျန်းမာရေးနဲ့ဆိုင်တဲ့ ပြဿနာတွေများစွာ ပေါ်ပေါက်လာမယ်။ ဥပမာနှလုံးရောဂါ (မကောင်းတဲ့စိတ်ဖိအားဟာ လူတွေအပေါ် ရုပ်ပိုင်းဆိုင်ရာထိခိုက်နိုင်တယ်လို့ ဖော်ပြခဲ့တဲ့အတိုင်း ဒီလိုရောဂါတွေ ဖြစ်ပွားနိုင်ပါတယ်၊ ဘေးမကင်းတဲ့အစားအစာတွေကြောင့်လဲ ရောဂါပေါင်းများစွာ ရရှိနိုင်ကြပါတယ်။ 


အခုကျွန်မတို့နိုင်ငံ ဆေးရုံဆေးခန်းတွေမှာ covidမရှိခင်ကတည်းက ရုံပြည့်ရုံလျှံပါပဲ၊ ရှိတဲ့ကျန်းမာရေးဝန်ထမ်း ဆေးရုံအဆောက်အဦးနဲ့ မလောက်ငကြတာလဲ အားလုံးအသိပါ။ ဒီလိုကျန်းမာရေးဆေးကုသမှုစရိတ်တွေဟာ နိုင်ငံကို များစွာ နစ်နာစေပါတယ်။ နိုင်ငံသားတွေမကျန်းမာ နေမှတော့ နိုင်ငံတိုးတက်ရေးလည်း မလုပ်နိုင်ကြတော့ပါ။ 


နောက်ဆုံးတစ်ခုက ရာဇဝတ်မှု ကျူးလွန်မှု မြင့်မားခြင်းပါ။ ဖွံ့ဖြိုးမှုအားနည်းတဲ့ ကလေးတွေဟာ နောက်အခါမှာ လမ်းပေါ်ရောက်ကာ ရာဇဝတ်မှုကျူးလွန်သူတွေ ဖြစ်သွားနိုင်ပါတယ်၊ 

ဒီလိုဆိုရင် တိုင်းပြည်ဟာ လူ့စွမ်းအား အရင်းအမြစ်ဆုံးရှုံးတဲ့အပြင် တရားစီရင်ရေးနဲ့ ပြစ်မှုနှိမ်နင်းတဲ့ စားရိတ်တွေပါတက်လာပါလ်ိမ့်မယ်။


အားလုံးထဲမှာ နောက်ဆုံးသော အချက်ဟာ အရေးအပါဆုံးပါပဲ။ 


ဒီလိုဖွံ့ဖြိုးမှုကောင်းမွန်စွာ မရခဲ့တဲ့ကလေးတွေဟာ သူတိုရဲ့ မျိုးရိုးဗီဇမှာ အမှတ်အသား genetic mark ပါသွားနိုင်ပါတယ်။ 


အကျိုးဆက်ကတော့ ဗီဇနဲ့ပတ်ဝန်းကျင် အချိုးအစားတကျ ပူးပေါင်းဖြစ်တည်လာမယ့် အနာဂတ်ကလေးတွေဟာ သူတို့ရဲ့ဗီဇမှာ ဒီ အမှတ်အသားတွေ ပါသွားတတ်တာပါပဲ။ 


ခြုံငုံပြောရရင် ငယ်စဉ်အခါမှာ ဖွံ့ဖြိုးမှုကောင်းမွန်စွာ မရရှိခဲ့တာနဲ့ နောင်ကြီးပြင်းလာတဲ့အချိန်တင်မဟုတ် သူကဆက်လက် မွေးဖွားဦးမယ့် မျိုးဆက်တစ်ဆက်လုံးအထိပါ မကောင်းတဲ့ အကျိုးသက်ရောက်မယ်ဆိုတာပါပဲ။ 


တနည်း မျိုးရိုးစဉ်ဆက် နိမ့်ကျသွားကြတတ်တာပါပဲ။ အဲ့ဒီလိုဖြစ်ရင် ဘာဆက်ဖြစ်မလဲ ဆိုတော့ ဟိုးအောက်ဆုံးက Macro causesတွေ ပြန်ဖြစ်လာစေမှာပါပဲ။ 


မဆုံးနိုင်တဲ့ သံသရာကြီး ထဲမှာ လည်နေတဲ့ လူအဖွဲ့အစည်းကြီး ဖြစ် နေမှာပါပဲ။ 


KHK



ပုံကိုးကား - Unicef's Programme Guidance for Early Childhood Development.

 attachment(တွယ်တာမှု)သီအိုရီဟူသည် အဘယ်နည်း။

attachment(တွယ်တာမှု)သီအိုရီအား Bowlby၏ အဆင့်၄ဆင့်ဖြင့် ရှင်းပြခြင်း


ကလေးများ၏ ပြဿနာများသည် မိခင်၏ အပြစ်သာ ဟုတ်ပါသလား”


Sigmund Freudကို ထိုမေးခွန်းအားမေးလျှင် သူသည် မည်သည့်ကိစ္စပင်ဖြစ်ဖြစ် ထိုအချက်ကို ရည်ညွှန်းလေ့ရှိသဖြင့် “ဟုတ်ကဲ့” ဟု ပြန်ဖြေပါလိမ့်မည်။

သို့သော် ယခုအချိန်တွင် ကျွန်ုပ်တို့သည် ဖရွိုက်ထက် စိတ်ပညာ၊ မိဘအုပ်ထိန်းခြင်းနှင့် လူ့ဆက်ဆံရေး အကြောင်းများစွာ ပိုသိလာပြီ ဖြစ်ပါသည်။

ပြဿနာတိုင်းကို မိခင်ဆီသို့ အမြဲ အပြစ်ဖို့ရန် မဖြစ်နိုင်ကြောင်း ယခုအချိန်တွင် ရှင်းလင်းစွာ သိနေကြပြီဖြစ်သည်။ ထိုပြဿနာများ၏ ရင်းမြစ်သည် ကလေး၏ မျိုးရိုးဗီဇမှစ၍ အခြားသော  ပြုစုပျိုးထောင်ရာတွင် ပါဝင်ကြသူများ အများအပြားဖြစ်နိုင်ကြပါသည်။

ကလေး၏ဘဝတွင် သူ(သို့မဟုတ်)သူမအပေါ် သြဇာလွှမ်းမိုးသော အခြားအရေးကြီးသော လူများစွာ ရှိသည်။ မောင်နှမများ၊ အဘိုးအဘွားများ၊ အဒေါ်များနှင့် ဦးလေးများ၊ ရင်းနှီးသော မိသားစု သူငယ်ချင်းများ၊ ကလေးထိန်းများ၊ နေ့ကလေးထိန်းကျောင်းမှ ဝန်ထမ်းများ၊ ဆရာများ၊ ရွယ်တူများနှင့် ကလေးနှင့် ပုံမှန်အပြန်အလှန်ဆက်သွယ်သည့် အခြားသူများလည်း ရှိကြပါသည်။


အထက်တွင် ဖော်ပြထားသော မေးခွန်းသည် စကားစမြည် မေးခြင်းသက်သက် ဖြစ်ပါသည်၊ သို့သော် ၎င်းမေးခွန်းသည် စိတ်ပညာနှင့် ပတ်သက်၍ အရေးကြီးသော ဆွေးနွေးမှုတစ်ခုလည်း ဖြစ်နေပါသည်။ 

ကလေးများ ပြုလုပ်မိသည့် အပြုအမူများအပေါ် အဘယ်အရာက လွှမ်းမိုးသနည်း။

သူတို့၏ ဝန်းကျင်ရှိသူများနှင့် အဓိပ္ပာယ်ပြည့်ဝသော ကျေနပ်ရောင့်ရဲသော ဆက်ဆံရေးကို တည်ဆောက်နိုင်စွမ်းအပေါ် အဘယ်အရာက သက်ရောက်မှုရှိသနည်း။


စိတ်ပညာရှင်များက ကလေးများ၏ ပြဿနာအများစုမှာ မိခင်၏ အမှား သို့မဟုတ် မိဘနှစ်ဦး စလုံး၏ မှားယွင်းမှုဟု အပြီးသတ်မပြောနိုင်သော်လည်း မိဘများနှင့် ကလေး၏ အစောပိုင်း အတွေ့ အကြုံများသည် အရွယ်ရောက်သူများဖြစ်လာချိန် သူတို့၏ ဆက်ဆံရေးစွမ်းရည်အပေါ် များစွာ သက်ရောက်မှုရှိသည်ဟု ကျွန်ုပ်တို့ သိထားကြသည်။

ဤကိစ္စနှင့်ပတ်သက်ပြီး ကျွန်ုပ်တို့သိရှိထားခြင်းများဟာ ၁၉၅ဝပြည့်လွန်နှစ်တွေမှာ attachment theoryဟုခေါ်သည့် အယူအဆတစ်ခုမှ ဆင်းသက်လာခြင်းဖြစ်သည်။ ဤသီအိုရီသည် ဤဆောင်းပါး၏ အဓိက အကြောင်းအရာ ဖြစ်ပါလိမ့်မည်။ ကျွန်ုပ်တို့သည် ယခုဆောင်းပါးတွင် (တွယ်တာမှု)attachmentသည် မည်သည့်အရာဖြစ်သည်၊ ၎င်းကို မည်သို့ အပြုအမူများဖြင့် ဖော်ပြသည်၊ ပြင်ပလောကတွင်ရှိသည့် အပြုအမူများအကြောင်းနှင့် ထိုအယှုအဆကို လက်တွေ့ အကောင်အထည်ဖော်ခြင်း အကြောင်းများကို စူးစမ်းလေ့လာပါမည်။





Harlow စမ်းသပ်ချက်

၁၉၅ဝနှစ်များတွင် Harry Harlowသည် သတ္တဝါများ၏ မိဘများနှင့် ကလေးများ အထူးသဖြင့် မျောက်မိဘများနှင့် ကလေးများအကြား ချစ်ခြင်းမေတ္တာနှင့် ဆက်ဆံရေးကို စမ်းသပ်မှုများ  ပြုလုပ်ခဲ့သည်။

သူ၏ တွေ့ရှိချက်များအရ မိခင်မေတ္တာပြသမှုသည် ရုပ်ပိုင်းဆိုင်ရာပေးအပ်ခြင်းထက် ခံစားမှုပိုင်းဆိုင်ရာ  ပေးအပ်ခြင်းများက ပိုမို ထိရောက်အားသာကြောင်း၊ ထို့ကြောင့် တွယ်တာမှုအတွက် လက်ခံနိုင်စွမ်း အရည်အချင်းများသည် ငယ်စဉ်ကလေးဘဝ အတွေ့အကြုံများအပေါ်တွင် များစွာမှီခိုအားထားနေရပြီး ၎င်းကိုသေချာ သတ်မှတ်လိုက်ပြီးပါက နောင်တွင်များစွာပြောင်းလဲရန် မဖြစ်နိုင်တော့ကြောင်း ဖော်ပြခဲ့သည်။ (Herman, 2012)

Harlowသည် ဤစိတ်ဝင်စားဖွယ်တွေ့ရှိချက်များကို အခြေခံကျသော စမ်းသပ်မှု နှစ်ခုဖြင့် ပြုလုပ်ကာ သက်သေပြခဲ့သည်။

ပထမစမ်းသပ်မှုတွင် Harlowသည် မွေးပြီးနောက် နာရီအနည်းငယ်အကြာတွင် မျောက်မိခင်များနှင့်  မျောက်သားလေးများကို ခွဲခြားထားသည်။ မျောက်သားတစ်ကောင်ချင်းစီကို သက်မဲ့ မွေးစားမိခင် မျောက်ရုပ် နှစ်ရုပ် ပေးထားပါသည်။ သူတို့နှစ်ရုပ်စလုံးသည် နို့စို့မျောက်သားကလေးများကို ရှင်သန် နိုင်ရန် လိုအပ်သောနို့ကို ထောက်ပံ့ပေးပြီး တစ်ခုမှာ ဝါယာကြိုးကွက်များနှင့် ပြုလုပ်ထားသော မျောက်ရုပ်မိခင်ဖြစ်ပြီး အခြားတစ်ခုမှာ ပျော့ပျောင်းသော အဝတ်ထည်ဖြင့် ဖုံးအုပ်ထားသည့် မျောက်မိခင်အရုပ်ဖြစ်သည်။ 

မျောက်သားများသည် အမြဲတမ်းအတူနီးကပ်စွာ နေထိုင်ရန် မိမိနှစ်သက်သည့် အရုပ်မိခင်ကို လွတ်လပ်စွာ ရွေးချယ်ခွင့် ပေးသည့်အခါ မျောက်သားလေးတိုင်းလိုလိုသည် နူးညံ့သော အထည်ဖုန်းအုပ်ထားသည့် အရုပ်မိခင်ကိုသာ ရွေးချယ်ကြကြောင်း တွေ့ရှိရသည်။  ထိုတွေ့ရှိချက်သည် နို့စို့သတ္တဝါများအဖို့ အသက်ရှင်သန်ရေးအတွက် နို့ကို မည်သည့်နေရာမှ ဖြစ်စေ ရရှိရန် အချက်တစ်ခု သာလျှင် အရေးပါခြင်း မဟုတ်ဘဲ အခြားအချက်ပေါင်းများစွာ ပါဝင်ကြောင်း သိရှိရပါသည်။

သူ၏ ဒုတိယစမ်းသပ်မှုအတွက် Harlowသည် စမ်းသက်မှု မူလတည်ဆောက်ပုံကို ပြုပြင်ခဲ့သည်။ မျောက်သားလေးများအား အုပ်စုနှစ်ခုခွဲကာ သူတို့ ရှင်သန်ရန် လိုအပ်သောနို့ကို ဝါယာကြိုးမိခင်မှ ပေးသည့်အုပ်စုနှင့် နူးညံ့သော အဝတ်စမိခင် မှ ပေးအပ်သည့် အုပ်စု နှစ်မျိုးခွဲခြားလိုက်သည်။

အုပ်စုနှစ်စုစလုံးမှ မျောက်သားကလေးများသည် အသက်ရှင်သန်ကြပြီး ရုပ်ပိုင်းဆိုင်ရာတူညီစွာ ဖွံ့ဖြိုးကြ သော်လည်း အလွန်ကွဲပြားခြားနားသော အမူအကျင့်သဘောထားများကို ပြသခဲ့ကြသည်။ ထူးဆန်း ကျယ်လောင်လှသော အသံကို ပြုလုပ်ကာ စမ်းသပ်ရာတွင် ထိုအသံအား ကြားရသည့်အချိန်၌ အဝတ်မိခင်နှင့် နေထိုင်သည့် မျောက်သားကလေးများသည် မိခင်ဆီသို့ ပြေးကပ်ကာ အကြောက်ပြေရန် မိမိကိုယ်ကို နှစ်သိမ့်ကြသည်။ ဝါယာကြိုးတပ်ထားသောမိခင်နှင့် အတူနေသည့် မျောက်သား ကလေးများသည် အသံကြားရသည်နှင့် ကြမ်းပြင်ပစ်လှဲချခြင်း၊ မိမိကိုယ်ကိုဆုပ်ကိုင်ခြင်း၊ ရှေ့နှောက် လွှဲကာခုန်ခြင်း၊ ကြောက်လန့်တုန်လှုပ်စွာ အော်ဟစ်ခြင်းတို့ လုပ်ခဲ့ကြသည်။

ဤသို့ ထွေးပွေ့ခြင်းမှတဆင့် ရရှိခဲ့သည့် နို့စို့အရွယ်အတွက် စိတ်ခံစားမှုတွယ်တာခြင်း စိတ်ဖိစီးမှုနှင့် စိတ်လှုပ်ရှားမှုထိန်းချုပ်နိုင်ခြင်းတို့သည် မျောက်ငယ်၏ နောက်ပိုင်းကာလ တုံ့ပြန်မှုများကို အကျိုးသက် ရောက်ကြောင်း ရှင်းလင်းစွာ နားလည်ရပါသည်။ (Herman, 2012)

ဤစမ်းသပ်မှုနှစ်ခုသည် ကလေးသူငယ်များ၏ တွယ်တာခြင်းဆိုင်ရာ အတွေ့အကြုံများနှင့် နောက်ပိုင်း ဘဝတွင် ထိုအတွေ့အကြုံများ၏ အကျိုးသက်ရောက်ပုံများအကြောင်း နောက်ထပ် လေ့လာမှုများ ပြုလုပ်ရန် အုတ်မြစ်ချခဲ့သည်။













attachment သီအိုရီဟူသည် အဘယ်နည်း။ အဓိပ္ပာယ်သတ်မှတ်ချက်

တွယ်တာမှု စိတ်ပိုင်းဆိုင်ရာသီအိုရီကို ကလေးငယ်များနှင့် ၎င်းတို့၏ မိဘများအကြား ခွဲခွာခြင်း၏ အကျိုးသက်ရောက်မှုများအား သုတေသနပြုသူ စိတ်ပညာရှင်John Bowlby ကဖော်ပြခဲ့သည် (Fraley, 2010)

Bowlbyသည် ကလေးများသည် ငယ်ရွယ်စဉ်တွင် မိဘများနှင့် ခွဲခွာမှုပြုရာ၌ ငြင်းဆန်သည့် အနေဖြင့် အလွန်ပြင်းထန်သော အပြုအမူများပြုခြင်း သို့မဟုတ် မိဘနှင့် ခွဲခွာရာမှ ပြန်လည် တွေ့ဆုံချိန်တွင် ငိုခြင်း၊ အော်ဟစ်ခြင်းနှင့် ဂျီကျခြင်းကဲ့သို့သော အပြုအမူများသည် သူ့အလိုလို ဖြစ်ပေါ်လာသော ယန္တရားများ ဖြစ်သည်ဟု ယူဆခဲ့သည်။ Bowlbyက ဤအပြုအမူများသည် သဘာဝအလျောက် ရွေးချယ်ခြင်းများဖြစ်ပြီး ကလေး၏ ရှင်သန်နိုင်မှု အခွင့်အလမ်းများကို မြှင့်တင်ခြင်း ဖြစ်နိုင်သည်ဟု ထင်မြင်ခဲ့သည်။

ကလေးသည် ပြုစုစောင့်ရှောက်သူများ(မိဘ)၏ စောင့်ရှောက်ခြင်းခံရမှုနှင့်အတူ မိမိအသက်ရှင်သန် ရပ်တည်နိုင်ရေုး ဆုံးရှုံးမည့် ခြိမ်းခြောက်မှုအား ရိပ်မိသဖြင့် အလိုအလျောက် တုံ့ပြန်မှုများအဖြစ် ဤတွယ်တာမှုပြအပြုအမူများကို ပြုလုပ်ကြခြင်းဖြစ်သည်။ ဤအပြုအမူများပြုလုပ်သည့် မွေးကင်းစ ကလေးငယ်များသည် ရှင်သန်ရန်အခွင့်အရေး ပိုများသောကြောင့် ပင်ကိုဗီဇများတွင် မျိုးဆက်မပြတ် သဘာဝအလျောက် ပြုမူစေရန် သဘာဝမှ အားပေးခဲ့ပုံရသည်ဟု ဆိုပါသည်။ 

Bowlby၏ တွယ်တာမှုသီအိုရီ သုတေသနပြုချက်အရ ကလေးများကို မရင်းနှီးသော နေရာတစ်ခုတွင် မိဘများနှင့် အချိန်တစ်ခု ခွဲခွာကာထားပြီးမှ မိဘများနှင့် ပြန်လည် ဆုံဆည်း ပေးချိန်တွင် ယေဘုယျအားဖြင့် အောက်ပါ နည်းလမ်းသုံးမျိုးမှ တစ်မျိုးမျိုးဖြင့် တုံ့ပြန်ပါလိမ့်မည်။


၁။ {Secure attachment} လုံခြုံသောတွယ်တာမှု - ဤကလေးများသည် ခွဲနေရခြင်းအတွက် စိတ်သောကရောက်ခဲ့ကြသော်လည်း မိဘများပြန်လာသောအခါ နှစ်သိမ့်မှုရကာ စိတ်သက်သာရာရကြသည်။



၂။ {Anxious-resistant attachment} စိုးရိမ်ပူပန် တွန်းကန်သော တွယ်တာမှု

ကလေးငယ်အချို့သည် ခွဲခွာချိန်တွင် ပိုမိုပြင်းထန်သော စိတ်ထိခိုက်မှုကို ခံစားရပြီး မိဘများနှင့် ပြန်လည်ဆုံဆည်းသောအခါ နှစ်သိမ့်မှုရယူသော်လည်း မိဘများအား မိမိကို ထားသွားသည့်အတွက် “အပြစ်ပေး”ရန် ကြိုးစားတတ်ကြသည်။


၃။ {Avoidant attachment} ရှောင်ကြဉ်ဖယ်ခွာ တွယ်တာမှု   

ဤတတိယအမျိုးအစားမှ ကလေးများသည် မိဘများနှင့်ခွဲနေရခြင်းအပေါ် စိတ်ဖိစီးမှု (သို့မဟုတ်) အနည်းငယ်မျှသော စိတ်ပျက်မှုမတွေ့ရပါ။ မိဘများကို ပြန်လည်ဆုံဆည်းချိန်တွင် ရှောင်ကြဉ်ခြင်း အားဖြင့် မိဘများကို လျစ်လျူရှုတတ်ကြသည် (Fraley, 2010)


၄။ {the disorganized-disoriented attachment style} အစီအစဉ်အတည်တကျမရှိ ရည်ရွယ်ချက်မဲ့ တွယ်တာမှုပုံစံ 

နောက်ပိုင်းနှစ်များတွင် သုတေသီများသည် ဤစာရင်းတွင် စတုတ္ထတွယ်တာမှုပုံစံကို ထည့်သွင်းထားသည်။ ၄င်းပုံစံရှိသော ကလေးများသည် ကြိုတင်ခန့်မှန်းမရသော ပုံမှန်မရှိသော တွယ်တာမှုအပြုအမူပုံစံများကို ပြုလုပ်လေ့ရှိသည်။ (Kennedy & Kennedy, 2004) 


ကလေးတစ်ဦး၏ တွယ်တာမှုပုံစံသည် သူသို့မဟုတ်သူမ၏ အစောပိုင်းနှစ်များတွင် လက်ခံရရှိသည့် စောင့်ရှောက်သူများ၏ ပြုစုစောင့်ရှောက်မှုပုံစံပေါ်တွင် များစွာမူတည်ကြောင်း အဓိပ္ပာယ်သက်ရောက် နားလည်ရပါသည်။ စောင့်ရှောက်သူများထံမှ ပံ့ပိုးမှုနှင့် ချစ်ခြင်းမေတ္တာရရှိခဲ့သည့် ကလေးများသည် လုံခြုံစိတ်ချမှုကို ခံစားရဖွယ်ရှိပြီး စောင့်ရှောက်သူများထံမှ အဆင်မပြေမှု သို့မဟုတ် လစ်ဟင်းမှုများကို ကြုံတွေ့ခံစားခဲ့ရသူများသည် သူတို့နှင့် မိဘများအကြား ဆက်ဆံရေးနှင့် ပတ်သတ်၍ ပိုမို၍ စိုးရိမ်ပူပန်မှု ခံစားရဖွယ်ရှိသည်။

Bowlby၏သုတေသနသည် ကလေးတစ်ဦး၏ တွယ်တာမှုပုံစံနှင့် သက်ဆိုင်သော စိတ်ခံစားမှု ထိန်းချုပ်ခြင်းဆိုင်ရာ အပြုအမူများစွာ ရှိကြောင်းပြသခဲ့သည်။ 

တွေ့ရှိချက်များအနက် အောက်ပါတို့သည် ၄င်းဆက်နွယ်မှုများ၏ သက်သေသာဓကများဖြစ်ကြသည်။ 


လုံခြုံစိတ်ချသော တွယ်တာမှု {Secure Attachment}

 ဤကလေးများသည် ယေဘုယျအားဖြင့် အခြားသူများအား မိမိအတွက် အားပေးရာ အထောက်အကူ ဖြစ်ရာလူများအဖြစ် သတ်မှတ်ကြပြီး သူတို့ကိုယ်သူတို့လည်း အရည်အချင်းရှိပြီး လေးစားမှုခံယူထိုက် သူများအဖြစ် ရှုမြင်လေ့ရှိသည်။ သူတို့သည် အခြားသူများကို အကောင်းမြင်လေ့ရှိပြီး အခက်အခဲ ကြုံလာလျှင်လည်း ကြံ့ကြံ့ခံနိုင်မှု ရှိကြသည်။ ရှုပ်ထွေးသော ကစားနည်းများကို ပါဝင်ကစားနိုင်ကြပြီး စာသင်ခန်းအတွင်းလည်း အောင်မြင်မှုရှိကြကာ အခြားကလေးများနှင့် အပြန်အလှန်ပေါင်းသင်း ဆက်ဆံမှုတွင်လည်း ပိုမိုအဆင်ပြေကြသည်။ သူတို့သည် အခြားသူများ၏ အမြင်များကို နားလည် စာနာတတ်ကြပြီး သူများအပေါ် ယုံကြည်မှုလည်း ပိုရှိကြသည်။


စိတ်သောကဖြစ်\ ရှောင်ကြဉ်ဖယ်ခွာ တွယ်တာမှု {Anxious-Avoidant Attachment} 

စိတ်သောကဖြစ်\ရှောင်ကြဉ်ဖယ်ခွာ တွယ်တာမှုပုံစံများရှိသော ကလေးများသည် ယေဘုယျအားဖြင့် မိမိ၏ စိတ်ဖိစီးမှုအခြေအနေများကို ထိရောက်ကောင်းမွန်စွာ မကိုင်တွယ်မဖြေရှင်းနိုင်ကြပါ။ သူတို့သည် သူများထံမှာ အကူအညီရယူခြင်းပြုလုပ်လေ့မရှိဘဲ အပေါင်းအသင်းများကိုလည်း ရှောင်ခွာလေ့ရှိကြသည်။ ထိုအချက်သည် အခြားသူများနှင့် စိတ်ကျေနပ်ဖွယ်ကောင်းသော ဆက်ဆံရေးတည်ဆောက်ခြင်းကို တားဆီးသကဲ့သို့ ဖြစ်လာပါသည်။ သူတို့သည် လိမ်ညာခြင်းနှင့် အနိုင်ကျင့်ခြင်းကဲ့သို့သော ပိုမိုရန်လိုမှုနှင့် လူမှုရေးဆိုင်ရာ ပြဿနာရှိသော အပြုအမူများကို ပြသတတ်ကြသည်။ သူတို့၏ စိတ်ဖိစီးမှုကို လျှော့ချရန် အခြားသူများနှင့် ပိုမိုဝေးကွာအောင် နေလေ့ရှိကြသည်။


စိုးရိမ်ပူပန် တွန်းကန်သော တွယ်တာမှု {Anxious-Resistant Attachment} - ဤကလေးများသည် စိတ်သောကဖြစ်\ရှောင်ကြဉ်ဖယ်ခွာ တွယ်တာမှု {Anxious-Avoidant Attachment} ပုံစံရှိသည့် ကလေးများနှင့် ဆန့်ကျင်ဘက်ဖြစ်ပါသည်။ ၎င်းတို့သည် ကိုယ့်ကိုယ်ကို ယုံကြည်မှုကင်းမဲ့ပြီး သူတို့၏ အဓိကစောင့်ရှောက်သူများနှင့်သာ နီးကပ်စွာ တွယ်ကပ်နေလိုကြသည်။ သူတို့သည် မိမိ၏ စိတ်ခံစားမှုများနှင့် တုံ့ပြန်မှုများကို ပုံကြီးချဲ့ကာ ပြသတတ်သဖြင့် သူတို့၏ ရွယ်တူချင်းများနှင့် ဝေးကွာသွားစေပြီး လူမှုရေးအရ အထီးကျန်မှုကို ဖြစ်စေနိုင်သည်။


•  အစီအစဉ်အတည်တကျမရှိ ရည်ရွယ်ချက်မဲ့ တွယ်တာမှုပုံစံ {the disorganized-disoriented attachment style}ရှိသော ကလေးများသည် များသောအားဖြင့် ခွဲခွာမှု ဒုက္ခများကို ရင်ဆိုင်ဖြေရှင်းရန် စနစ်တကျစီစဉ်ထားသော နည်းဗျူဟာတိုးတက်လာခြင်းမရှိဘဲ ရန်လိုခြင်း၊ အဖျက်အမှောက်လုပ်ရပ်များနှင့် လူများကို ရှောင်ဖယ်ခြင်းတို့ ပြုလုပ်တတ်ကြသည်။ ၎င်းတို့သည် အခြားသူများအား အကူအညီရမည့် အရင်းအမြစ်များဟု မမြင်ကြဘဲ ခြိမ်းခြောက်မှုများ အဖြစ် ရှုမြင်ရန် ပိုမို ဖြစ်နိုင်ခြေရှိသောကြောင့် လူမှုရေးနောက်ဆုတ်ရှောင်ဖယ်ခြင်းနှင့် ခုခံကာကွယ် ရန်လိုသော အပြုအမူများ ဖော်ပြတတ်ကြသည်။ (Kennedy & Kennedy, 2004)

တွယ်တာမှုသီအိုရီ၏ ကလေးသူငယ်များနှင့် ချိတ်ဆက်မှုအကြောင်း ကျွန်ုပ်တို့သိထားရာမှ ၄င်းသီအိုရီသည် အရွယ်ရောက်သူများ၏ ဆက်ဆံရေးဆိုင်ရာ ကိစ္စများနှင့်လည်း သက်ဆိုင်သည်ကို သိရှိလာရသည်။ 

အထူးသဖြင့် (ရင်းနှီးကျွမ်းဝင်မှုနှင့် / အိမ်ထောင်ရေး\အချစ် ကိစ္စရပ်များသည်) ကလေးများကဲ့သို့ပင် ကျွန်ုပ်တို့ငယ်စဉ်က တွယ်တာမှုပုံစံများနှင့် ကျွန်ုပ်တို့၏ အဓိကစောင့်ရှောက်သူများထံမှ ရရှိသော စောင့်ရှောက်မှုအရည်အသွေးများနှင့် တိုက်ရိုက်ဆက်စပ်နေသည် (Firestone, 2013)


KHK



ကလေးငယ်များရဲ့ အစောပိုင်းကာလ အခြေခံအုတ်မြစ် (Early Childhood Fundamental Program) နှင့် ၂၁ရာစုကလေးငယ်များ

ကလေးငယ်များရဲ့ အစောပိုင်းကာလ အခြေခံအုတ်မြစ် ( Early Childhood Fundamental Program ) နှင့် ၂၁ရာစုကလေးငယ်များ လူကြီးမင်းတို့ လွန်ခဲ့တဲ့ ၆လလ...