Friday, July 8, 2022

လက်မစုပ်ခြင်းအတွက် ဗျူဟာများ

 #လက်မစုပ်ခြင်း 

လက်မစုပ်ခြင်းကို ဘယ်လိုဖြေရှင်းမလဲ။

 

လက်မစုပ်တဲ့ အလေ့အထ ဖျောက်ဖို့ဆိုရာမှာ တကယ်တော့ ကလေး အပေါ်မှာသာ လုံးဝဥဿုံ မူတည်ပါတယ်။ ဒါ့ကြောင့် ကလေးကို လက်မစုပ်ခြင်းရပ်သွားအောင်  အားပေးဖို့နဲ့ ကြိုးစားဖို့ မိဘများ သတိပြုသင့်သည့်  နည်းဗျူဟာအချို့ကို မိတ်ဆက်ပေးလိုက်ပါတယ်။

 

🗝 စိတ်အေးအေးထားပါ။

ကလေးကို လက်မစုပ်ခြင်းအား ရပ်တန့်ဖို့ ဆူပူအော်ဟစ်ခြင်း (ဒါမှမဟုတ်) တွန်းအားပေးခြင်းမျိုးက အထောက်အကူမပြုပါ။ လက်မစုပ်ခြင်း‌ကြောင့် သူတို့ရဲ့သွားတွေကို ထိခိုက်နိုင်ကာ ပါးစပ်ထဲ ပိုးမွှားတွေ ဝင်မှာကို စိုးရိမ်ရတာမှန်‌ပေမဲ့ ကလေးကို စိတ်ဆိုးဆူပူခြင်းလုပ်တာဟာ ပူးပေါင်းဆောင်ရွက်မှုရဖို့ ဦးတည်နိုင်မှာ မဟုတ်ပါဘူး။

 

🗝အာရုံလွှဲဖို့ တစ်ခုခုကိုဖန်တီးပါ။

ကလေး လက်မစုပ်တာကိုတွေ့တဲ့အခါ လက်နှင့်လုပ်ကိုင်စရာ တစ်ခုခုပေးထားပါ။ ကလေးတွေဟာ စိတ်လှုပ်ရှားနေချိန်မျိုးမှာ လက်မကို မကြာခဏ စုပ်တတ်ပါတယ်။ ဒီလိုအချိန်မှာ သူတို့ကို လက်နဲ့ဖိညှစ်ဖို့ ဘောလုံး (stress ball)လိုဟာမျိုးကို ပေးထားနိုင်ပါတယ်။

 

သူတို့ ပျင်းနေတဲ့အခါမျိုးမှာလည်း လက်မပိုစုပ်တတ်ပါတယ်။ အဲ့ဒီအချိန်မှာ အရောင်ခြယ်ဖို့ ပုံတစ်ပုံပုံဖြစ်စေ၊ ဘောလုံးကို အပြန်အလှန်ပစ်ဆော့တာမျိုးဖြစ်စေ၊ လက်ချောင်းပန်းချီ ခြယ်မှုန်းဖို့ဖြစ်စေ လုပ်ဖို့ အားပေးပါ။

 

🗝 ကလေးကို များများချီးကျူးပေးပါ

ကလေးဟာ လက်မကို ပါးစပ်မှ ဖြုတ်လိုက်တာ မြင်တိုင်း ချီးမွမ်းခြင်းပြုလုပ်ပေးပါ။ "သားက လက်မကို ပါးစပ်ထဲက ထုတ်ဖို့သတိရသားပဲ ကောင်းလိုက်တာ" ဒါမှမဟုတ် "သမီးရဲ့လက်တွေကို အရုပ်တွေပဲ ကိုင်ပြီး ပါးစပ်ထဲက မထည့်မိဖို့ ထိန်းနေတာ မေမေသတိထားမိတယ်။ ဒါအလွန်ကောင်းတဲ့ ကြိုးစားမှုပဲ” စသဖြင့် သူတို့ရဲ့ တိုးတက်ပြောင်းလဲလာမှုကို အသိအမှတ်ပြုပေးပါ။

 

🗝 စိတ်လှုပ်ရှားမှုနဲ့ ရင်ဆိုင်ရာမှာ သုံးဖို့ အခြားနည်းလမ်းအသစ်တွေကို သင်ကြားပေးပါ။

ကလေးဟာ ကြောက်ရွံ့ခြင်း၊ စိုးရိမ်ခြင်း၊ ဝမ်းနည်းခြင်း ဒါမှမဟုတ် ငြီးငွေ့ခြင်းတို့ကို ရင်ဆိုင်ဖို့အတွက် ၎င်း၏လက်မကို နို့စို့သလို စုပ်နေနိုင်ပါတယ်။ အထက်ပါ မသက်မသာခံစားချက်တွေကို ကိုင်တွယ်ဖြေရှင်းဖို့ အခြားနည်းဗျူဟာတွေကို တတ်မြောက်အောင် ကူညီပေးဖို့လည်း အရေးကြီးပါသည်။

ဥပမာ - စကားဖြင့်ပြောဆိုခြင်း၊ ပုံဆွဲခြင်း၊ အသက်ပြင်းပြင်းရှူခြင်း

 

🗝ကလေးရဲ့လက်ပေါ်မှာ အနံ့နည်းနည်း ပြင်းတဲ့ ဆေးရည်လိမ်းထားတာ (ကလေးမတော်တဆ မြိုချမိရင် အန္တရာယ်မဖြစ်တဲ့ ဆေးရည်ဖြစ်ဖို့လိုပါတယ်။)၊ သီချင်းနားထောင်တာ၊ ဒါမှမဟုတ် ရိုးရှင်းပြီး ကလေးနဲ့သင့်တော်တဲ့ ယောဂလှုပ်ရှားမှုတွေလုပ်ပေးတာကလည်း ကလေးရဲ့ခံစားချက်ကို ပိုကောင်းစေပြီး လက်မစုပ်တဲ့ နည်းလမ်းကို အစားထိုးနိုင်ပါတယ်။

 

🗝 တစ်ခါတစ်ရံ ထောက်ပြပါ။

လက်မစုပ်တာကို အမြဲအာရုံစိုက်ထောက်ပြနေတာ မကောင်းပေမယ့် (ကလေးက မိဘရဲ့တုံ့ပြန်မှုကို မြင်ရင် ပိုလုပ်နိုင်တဲ့အတွက်) ကလေးက လုံးဝသတိမထားမိဘဲ ဆက်လုပ်နေမယ်ဆိုရင် တစ်ခါတစ်ရံ ထောက်ပြသတိပေးနိုင်ပါတယ်။

 

 

🗝 ကလေးရဲ့  လက်မစုပ်တဲ့ အလေ့အထကို ဖျောက်ဖို့ ကလေးနဲ့ သဘောတူညီမှုယူပြီး သတိပေးတဲ့အခါ “လက်မ လက်မ” လို့ ပြောပေးခြင်းမျိုး ဒါမှမဟုတ် တခြားစကားဝှက် တစ်ခုခု ကလေးနဲ့အတူ စဥ်းစားပြီး ပြောပေးတာဟာလည်း အထောက်အကူပြုတဲ့ နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။ "သား/သမီးရဲ့ ပါးစပ်က စားသောက်ဖို့၊ စကားပြောဖို့ဖြစ်ပြီး သား/သမီးရဲ့ လက်တွေက တည်ဆောက်ကစားဖို့  အရုပ်တွေကိုင်တွယ်ဖို့" လို့လည်း ပြောနိုင်ပါတယ်။

 

🗝 နောက်ဆက်တွဲ အကျိုးဆက်တွေကို ရှင်းပြပါ။

လက်မစုပ်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ သွားနှင့်ခံတွင်းပျက်စီးမှုအကြောင်း အရှည်ကြီးရှင်းပြတာမျိုးကို  အသက် ၂ နှစ်အရွယ်ကလေးက နားမလည်သော်လည်း၊ "လက်မစုပ်တာဟာ သွား‌တွေ အတွက် မကောင်းတဲ့အ‌ကြောင်း။ ပိုးမွှားတွေအကြောင်း" လည်း စကားစပ်ပြီး ပြောနိုင်ပါတယ်။ "သားရဲ့လက်မမှာ မကောင်းတဲ့ ပိုးမွှားတွေရှိတတ်ပြီး အဲ့ဒါတွေ ပါးစပ်ထဲရောက်သွားနိုင်တယ်” ရှင်းပြနိုင်ပါတယ်။ သို့သော် ကြောက်သွားအောင် အလွန်အမင်း ခြိမ်းခြောက်တာမျိုး ရှောင်ရှားပေးပါ။

 

🗝 လက်မစုပ်ခြင်းကို တားဆီးနိုင်တဲ့ ကိရိယာတွေကိုလည်း သုံးနိုင်ပါတယ်။

ကလေးငယ်သေးပါက လက်မ သို့မဟုတ် လက်ချောင်းတွေကို စွပ်ဖို့ ပလတ်စတစ်အစွပ်ကို ဝယ်ယူအသုံးပြုနိုင်ပါတယ်။ ဒါပေမဲ့ ပုံမှန်သန့်ရှင်းပေးဖို့တော့ လိုအပ်ပါတယ်။

ဒါကို တပ်ထားပါက ကလေးအများစုဟာ အဲ့ဒီအချိန်မှာ လက်မစုပ်တော့ပါ။ အဲ့ဒီကိရိယာတွေဟာ နှစ်ပတ်လောက်အကြာနဲ့ ကလေးရဲ့ လက်မစုပ်တဲ့ အလေ့အကျင့်ကို ဖောက်ဖျက်ပေးနိုင်ပါတယ်။ ဒါပေမဲ့ အားနည်းချက်အချို့ရှိပါတယ်။ အဲ့ဒါတွေကတော့ လက်မအဖုံးဟာ ကလေးတွေရဲ့ လက်အသုံးပြုမှုကို ကန့်သတ်ထားတဲ့အတွက် ကလေးတွေ ကစားတဲ့အချိန်နဲ့ အစားအစာစားချိန်မှာ အခက်အခဲရှိနိုင်တာပါပဲ။

 

🗝ဆုပေးခြင်း။

အပြုသဘောဆောင်တဲ့ အားပေးခြင်းက ကလေးကို သူတို့ရဲ့ လက်ချောင်းတွေကို ပါးစပ်ထဲမထည့်ဖို့ လှုံ့ဆော်ပေးနိုင်ပါတယ်။ စတစ်ကာဇယားကို ဖန်တီးပြီး တစ်နေ့တာအတွက် သတ်မှတ်ထားသော အချိန်တွေမှာ ကြိုးစားမှုအလိုက် စတစ်ကာလေးများ ပေးနိုင်ပါတယ်။

 

ကလေးကို နှစ်ဆယ့်လေးနာရီပတ်လုံး ထိုင်မကြည့်နိုင်ပေမဲ့ "သား ဆရာမတို့နဲ့ ဂိမ်းကစားနေတဲ့အချိန် လက်မမစုပ်တဲ့အတွက် စတစ်ကာတစ်ခုပေးတာ" လို့ ပြောနိုင်ပါသည်။ ကလေးဟာ စတစ်ကာကြိုက်သူမဟုတ်ပါက " သားစတစ်ကာငါးခုရရင် ပန်းခြံမှာ အတူသွားကစားကြမယ်" လို့ပြောနိုင်ပါတယ်။

 

ကလေးလက်မပေါ် ရှာလကာရည်အနည်းငယ်စွတ်လိမ်းထားခြင်းဟာလည်း  အန္တရာယ်ဖြစ်စေခြင်းမရှိဘဲ အရသာမကြိုက်ခြင်းကြောင့် လက်မစုပ်မှုကို လျှော့ချနိုင်တဲ့အတွက် စမ်းကြည့်နိုင်ပါသည်။ ကလေးရဲ့ ကိုင်တွယ်ဖြေရှင်းနိုင်မှုစွမ်းရည် (coping skills)တစ်ခုကို ဖယ်ရှားဖို့ သူကိုယ်တိုင် အဆင်သင့်မဖြစ်မချင်းတော့ အတင်းမဖြတ်သင့်သေးပါ။ အခြားနည်းလမ်းတွေ အစားထိုးနိုင်မှ ဖြတ်တာပိုကောင်းပါတယ်။

 

ကလေးဟာ လမ်းလျှောက်တတ်ခါစ အရွယ်ဆိုပါက လူကြီးမိဘတွေ အတွက် စိတ်ရှည်ဖို့ တကယ်အရေးကြီးပါတယ်။ ကလေးရဲ့ ညစ်ပတ်တဲ့ လက်မ ပါးစပ်ထဲရောက်သွားတာကို ကြည့်ပြီး တစ်ခါတစ်ရံ စိတ်ပျက်စရာမိကောင်း မိပါလိမ့်မယ်။ သူအဆင်သင့်ဖြစ်တဲ့အခါမှာ ကလေးဟာ သူ့အမူအကျင့်ကို ဘာသာရပ်တန့်နိုင်စွမ်းရှိကြောင်း အမြဲသတိရပါ။

 

လက်မစုပ်သည့်အလေ့အထကို ဖျောက်ဖျက်ရန် ကြိုးစားရာမှာ ကလေးမှ တုံ့ပြန်မှုမရှိပါက မိဘအတွက် ဖိအားဖြစ်စေနိုင်ပါတယ်။ ကလေးဟာ  အသက်ငါးနှစ်နဲ့ အထက်ဖြစ်ပါက မိဘအနေနဲ့ လုပ်ဆောင်နိုင်တဲ့ နောက်ထပ်အဆင့်ကတော့ ကလေးအထူးကုဆရာဝန် သို့မဟုတ် ကလေးသွားဆရာဝန်နှင့် ဆွေးနွေးဖို့ပါပဲ။ သွားဆရာဝန်ထံက သတိပေးချက်ကို နားထောင်ရခြင်းဟာ ကလေးကို လက်မစုပ်ခြင်းရပ်တန့်ဖို့ လှုံ့ဆော်မှုပိုပေးနိုင်ပါတယ်။

 

ဗျူဟာတစ်မျိုးတည်းဟာ ကလေးတိုင်းအတွက် အလုပ်မဖြစ်ကြောင်း မှတ်ယူထားပါ။ အချို့ကလေးက သူတို့ရဲ့ သွားတွေ ဘယ်လို ထိခိုက်နိုင်တယ်ဆိုတာ သိရင် ရပ်တန့်ပေမဲ့ အချို့ကတော့ ဆုပေးစနစ်များကျင့်သုံးမှသာ တုံ့ပြန်ကြပါတယ်။ မိမိလုပ်ငန်းစဥ်တွေကိုသာ ပုံမှန်မပျက် ကြိုးစားလုပ်ဆောင်ဖို့ စိတ်ရှည်လက်ရှည်ထားပါ။


ချစ်ခင်စွာဖြင့်

KHK


Image and content credits are mentioned in the comments section.

No comments:

Post a Comment

ကလေးငယ်များရဲ့ အစောပိုင်းကာလ အခြေခံအုတ်မြစ် (Early Childhood Fundamental Program) နှင့် ၂၁ရာစုကလေးငယ်များ

ကလေးငယ်များရဲ့ အစောပိုင်းကာလ အခြေခံအုတ်မြစ် ( Early Childhood Fundamental Program ) နှင့် ၂၁ရာစုကလေးငယ်များ လူကြီးမင်းတို့ လွန်ခဲ့တဲ့ ၆လလ...