မေး - မူကြိုပညာရေး (Early childhood development ECD)ဟာ ဘယ်လောက် အရေးပါလို့လဲ။
ဖြေ- ဆွေစဉ်မျိုးဆက် နိမ့်ကျမသွားစေဖို့အထိ အရေးပါပါတယ်။
#earlychildhooddevelopment
ဟုတ်ပါတယ်။ အကြောင်းအရင်းကတော့။
မူကြိုပညာရေးဟာ လူတော်တော်များများ သတိထားမိလာတဲ့ topic တစ်ခု ဖြစ်လာနေပေမဲ့ အခုချိန်ထိ အဲ့ဒီလူတော်တော်များများဟာ မူကြိုပညာရေးကို ကလေးထိန်းတဲ့ပညာ ဒါမှမဟုတ်ရင် မူကြိုဆရာဆရာမတွေ မူကြိုကျောင်းတွေနဲ့ပဲ ပတ်သက်တဲ့အရာလို့ ထင်မြင်နေကြတုန်းပါပဲ။
မူလတန်း၊ အထက်တန်းလောက် အရေးပါတဲ့အရာလို့ မမြင်ကြသေးဘူး။
အောက်ဖော်ပြပါ UNရဲ့ ECD conceptual frameworkမှာ မူကြိုပညာရေးဟာ နိုင်ငံတစ်နိုင်ငံအပေါ် ဘယ်လောက်အတိုင်းတာထိ အရေးပါမှုရှိသလဲဆိုတာ ရှင်းရှင်းလင်းလင်းဖော်ပြထားတာ တွေ့ရမှာပါ။
Macro caursesလို့ခေါ်တဲ့ ကျယ်ပြန့်တဲ့ အကြောင်းအရင်းတွေဖြစ်တဲ့ အောက်ဆုံးကနေစရရင် နိုင်ငံတစ်နိုင်ငံမှာ ကလေးငယ်တွေ အထူးသဖြင့် မူကြိုကလေးတွေအတွက် ကောင်းမွန်တဲ့ ပြုစုစောင့်ရှောက်မှုတွေရဖို့ အဲဒီနိုင်ငံရဲ့ လူမူရေးအနေအထားတွေ၊ ယဉ်ကျေးမှုဆိုင်ရာ အနေအထားတွေ၊ ကျင့်သုံးတဲ့ အစိုးရရဲ့ မူဝါဒစံ/စနစ်နဲ့ ရေမြေအနေအထားတွေပေါ်မှာ များစွာ အခြေခံပါတယ်။
ကလေးငယ်ကို ချိုးနှိမ်ဆက်ဆံတတ်တဲ့ မလေးစားတတ်တဲ့ လူအသိုင်းအဝိုင်းဟာ ထိုနည်းတူစွာပဲ ကလေးငယ်တွေရဲ့ အခွင့်အရေးတွေကို လစ်လျူရှုပြီး ကျင့်သုံးမြဲလမ်းစဉ်နဲ့ သွားနေကြမှာပါပဲ။
ကလေးကိုချစ်တာနဲ့ မပြီးသေးပဲ ဖွံ့ဖြိုးမှုတွေဘက်စုံ တိုးတက်လာဖို့ မိဘဆွေမျိုးအပါအဝင် လူ့အသိုင်းအဝိုင်းတခုလုံးက မူကြိုပညာရေးတိုးတက်ဖို့ကို အရေးကြီးတဲ့ ကိစ္စတရပ်အဖြစ်သဘောထားကာ အတူပူးပေါင်းဆောင်ရွက်ကြရမှာပါ။
နောက်တစ်ချက်က ပဋိပက္ခတွေ၊ အကြမ်းဖက်မှုတွေ၊ မဖြေရှင်းနိုင်တဲ့အငြင်းပွားမှုတွေ၊ အထိအခိုက်မခံတဲ့ ကိစ္စရပ်တွေနဲ့ စစ်ပွဲတွေကြောင့် နေရာပြောင်းရွှေ့ နေထိုင်လုပ်ကိုင်နေကြရတဲ့ လူ့အဖွဲ့အစည်းဟာ ဘယ်အချိန်မှာများ ကလေးတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အချိန်ပေးစဉ်းစားကာ လုပ်ပေးနိုင်ကြပါ့မလဲ။
ဒီ့အပြင်ကလေးတွေရဲ့ ဖွံ့ဖြိုးမှုဟာ လူ့အသိုင်းအဝိုင်းတွင်မက သူ့နဲ့ ထိတွေ့ရတဲ့ ပတ်ဝန်းကျင်ညစ်ညမ်းမှု၊ အစာအာဟာရချို့တဲ့မှု၊ ရေရှားပါးမှု အစရှိတဲ့ ဒဏ်တွေကိုလည်း ခံကြရတဲ့အခါ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုတွေ ချို့တဲ့လာပါတယ်။
လူ့အရင်းအမြစ်တွေ၊ လူမှုရေးအရင်းအမြစ်တွေ (ဆက်သွယ်ဆောင်ရွက်ခြင်းဆိုင်ရာ အရင်းအမြစ်များ)၊ ငွေကြေးအရင်းအမြစ်တွေ ရှားပါးခက်ခဲတာဟာလည်း ကလေးတွေရဲ့ ဖွံ့ဖြိုးမှုအတွက် ဆောင်ရွက်မပေးနိုင်တဲ့အချက်တွေပါ။
နောက်တစ်ချက်ကတော့ အပေါ်ကပြောခဲ့သလို မူကြိုကို အရေးမပါဘူး ထင်ကြတဲ့အတွက်လည်း တိုးတက်မှုနှောက်နှေးတာပါပဲ။
ကျန်တာကတော့ ကလေးတွေကို ဖွံ့ဖြိုးအောင် မူကြိုကျောင်းဖြစ်စေ နေရာထိုင်ခင်းအရင်းအမြစ်များ ဥပမာ မြေနေရာ၊ မူကြိုပညာရေး၊ လုပ်သားရှားပါးမှု (ပညာရည်ပြည့်ဝသော ရှေးဦးကလေးသူငယ် ပြုစုပျိုးထောင်သူများ ရှားပါးမှု)၊ ဝင်ငွေ (မိဘများရဲ့ဝင်ငွေ၊ ကလေးဖွံ့ဖြိုးရေးပြုလုပ်ပေးမယ့် အဖွဲ့အစည်းများ/မူကြိုများရဲ့ ဝင်ငွေ)၊ နည်းပညာပိုင်းဆိုင်ရာ။ ဒါတွေရှားပါးလာတဲ့အခါမှာ သို့မဟုတ် ထိထိရောက်ရောက်မလုပ်ပေးနိုင်တဲ့ခါမှာ (ထိထိရောက်ရောက် မလုပ်ပေးနိုင်ခြင်းအများစုဟာ အာဏာပိုင် သို့မဟုတ် အစိုးရရဲ့မူဝါဒတွေနဲ့ သက်ဆိုင်ပါတယ်။) နောက်ထပ် underlying causesတွေ တက်လာပါမယ်။
👇Underlying Causes
Macro caursesတွေက အရင်းခံလိုက်တဲ့အတွက် ဆက်လက်ဖြစ်လာတဲ့ အကျိုးဆက်တွေဖြစ်ပါတယ်။ ဒါပေမယ့်ဒီအကျိုးဆက်တွေဟာလည်း သူ့ရဲ့အပေါ်က အကျိုးဆက်အတွက် အကြောင်းရင်းတွေဖြစ်နေပြန်တဲ့အတွက် causesလို့ပဲသုံးပါတယ်။
ဒီနောက်ဆက်တွဲအကျိုးဆက်တွေဟာ အပေါ်မှာ ဖော်ပြထားပြီးတဲ့အတိုင်း တိုင်းပြည်ရဲ့ကျယ်ပြန့်တဲ့ အခြေအနေတွေကြောင့် ကလေးတွေအတွက် ဖွံ့ဖြိုးမှုပြုလုပ်မယ့် ဝန်ဆောင်မှုတွေဟာ ကလေးတွေစီ မရောက်ရှိနိုင်တော့ပါဘူး။
ရောက်ရှိအောင် ပြုလုပ်နိုင်တဲ့ ငွေအားလူအားမရှိသလို လုံလောက်မှုလည်း မရှိတော့ပါဘူး။
မြန်မာနိုင်ငံမှာ ပညာရည်ပြည့်ဝစွာ ကလေးတွေရဲ့ ဖွံ့ဖြိုးမှုကို ဦးတည်လုပ်ဆောင်ပေးနေတဲ့ မူကြိုတွေရဲ့ လွှမ်းခြုံမှု (coverage)ဟာ နည်းနေပါသေးတယ်။
နောက်တစ်ခါ မူကြိုတွေတင် ပံ့ပိုးမှုပြုလုပ်ရုံနဲ့ မလုံလောက်သေးပါဘူး။ မိဘတွေရဲ့ ကလေးဖွံ့ဖြိုးမှုအပေါ် နားလည်ခြင်းတွေကို ပိုမိုတိုးတက်လာအောင် ပံ့ပိုးမှုတွေလည်း လိုအပ်ပါသေးတယ်။
စာအစောကြီး သင်တာမှ သဘောကျတဲ့ မိဘတွေလည်း ရှိနေပါသေးတယ်။
ကလေးငယ်ဘဝရဲ့ တကယ်အရေးကြီးတဲ့ ပထမဦးဆုံး ရက်ပေါင်းတစ်ထောင်ဟာ မိဘတွေရဲ့လက်ထဲမှာပါ။
ဒီအချိန်မှာ မိဘတွေဟာ အထက်ပါ macro caursesတွေကြောင့် ကလေးတွေဖွံ့ဖြိုးအောင် လုံလောက်တဲ့ဆက်ဆံဆက်သွယ်မှုတွေ၊ အချိန်တွေမပေးနိုင်ကျတော့ပါဘူး။ ဒါဆိုရင်လည်း ကလေးငယ်တွေအတွက် ထိရောက်ကောင်းမွန်တဲ့ ဖွံ့ဖြိုးမှုတွေရရှိဖို့မလွယ်ပါ။
နောက်ဆုံးတစ်ချက်ဟာ ကလေးတွေရဲ့ ပတ်ဝန်းကျင်ပါ။
ဒီပတ်ဝန်းကျင်ဟာ အထက်ဖော်ပြပါအချက်တွေကြောင့် ကလေးတွေအတွက် စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ မရှိတဲ့နေရာ၊ ဘေးကင်းလုံခြုံတဲ့နေရာ၊ ကျန်းမာရေးအတွက် သင့်တော်တဲ့နေရာ မဖြစ်ခဲ့ရင်၊ ဘေးကင်းမှုမရှိတဲ့ အစားအစာတွေ စားနေခဲ့ရရင်လည်း ဖွံ့ဖြိုးမှုနဲ့ အလှမ်းဝေးသွားနိုင်ပါတယ်။
👇ချက်ချင်းလက်ငင်း အကျိုးသက်ရောက်မှု
ကောင်းမွန်မှန်ကန်တဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်တွေနဲ့ တွေ့ထိခဲ့ရတဲ့ ကလေးတွေဟာ ငယ်ရွယ်စဉ်မှာပဲ အတက်ကြွဆုံးဖွံ့ဖြိုးတဲ့ ဦးနှောက်ဖွံ့ဖြိုးမှုရရှိနိုင်ပါတယ်။
ဒီလိုဦးနှောက်ဖွံ့ဖြိုးမှုတွေ အစွမ်းအစရှိသလောက် ဖွံ့ဖြိုးသွားအောင် နှိုးဆွလှုံ့ဆော်ပေမယ့်အရာတွေ လုံလောက်စွာမရရှိတဲ့အခါ ဦးနှောက်ဖွံ့ဖြိုးမှု နိမ့်ကျသွားနိုင်ပါတယ်။
အကြမ်းဖက်မှုနဲ့ ဖိနှိပ်မှုတွေကြောင့် ခန္ဓာကိုယ်အတွက် မသင့်တော်တဲ့ စိတ်ဖိအား (toxic stress)တွေ ရရှိလာပါတယ်။
ဒီစိတ်ဖိစီးမှုဟာ ကလေးငယ်တွေအတွက် ဆိုးရွားစွာအကျိုးသက်ရောက်ပါတယ်။
စိတ်ပိုင်း၊ ခံစားမှုပိုင်းတွင်သာမကပဲ ရုပ်ပိုင်းဆိုင်ရာမှာပါ ထိခိုက်နိုင်တာပါ။
အာဟာရမလုံလောက်ခြင်းဟာလည်း ကျန်းမာဖွံ့ဖြိုးတဲ့ ကလေးငယ်တစ်ယောက်ဖြစ်ဖို့ များစွာ နှောက်ယှက်ဖြစ်စေပါတယ်။
👇ရေတို အကျိုးသက်ရောက်မှုများ
ကလေးတွေဟာ ရုပ်ပိုင်း/စိတပိုင်းဆိုင်ရာ ဖွံ့ဖြိုးကြီးပြင်းမှု နှောင့်နှေးမယ်။
ဘာသာစကားနဲ့ ဦးနှောက်ပိုင်းဆိုင်ရာ လုပ်ဆောင်မှုတွေ နှောင့်နှေးမယ်။
ပညာရေးဆိုင်ရာ စွမ်းဆောင်မှုတွေ ကျဆင်းမယ်၊ ပညာဆုံးခန်းတိုင်အောင်သင်ယူတဲ့ အရေအတွက်လည်းကျဆင်းမယ်။
ဒီလိုကျဆင်းရင် ဘာတွေဖြစ်မလဲ။
ဆက်တွေးကြည့်နိုင်ပါတယ်။
အခြားနိုင်ငံတွေရဲ့နောက်ကို ဆုတ်သထက်ဆုတ်သွားမယ်။ ပညာရေးဆုံးခန်းမတိုင်တဲ့အခါ ဉာဏ်ပညာနဲ့ တွေးခေါ်မျှော်မြင်မှုအပိုင်းတွေ နည်းပါးမယ်။ သူများတွေကို နားလည်နိုင်စွမ်း၊ အခြားသူတွေနဲ့ အဆင်ပြေအောင် ပူးပေါင်းဆောင်ရွက်နိုင်စွမ်းတွေလည်း ကျဆင်းလာမယ်။
👇ရေရှည်အကျိုးသက်ရောက်မှုများ
ဖော်ပြခဲ့တဲ့ အကြောင်းအရင်း အမျိုးမျိုးကြောင့် နိုင်ငံသားတွေဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေ နောက်ကျကျန်ရစ်မယ်၊ ကျန်းမာရေးနဲ့ဆိုင်တဲ့ ပြဿနာတွေများစွာ ပေါ်ပေါက်လာမယ်။ ဥပမာနှလုံးရောဂါ (မကောင်းတဲ့စိတ်ဖိအားဟာ လူတွေအပေါ် ရုပ်ပိုင်းဆိုင်ရာထိခိုက်နိုင်တယ်လို့ ဖော်ပြခဲ့တဲ့အတိုင်း ဒီလိုရောဂါတွေ ဖြစ်ပွားနိုင်ပါတယ်၊ ဘေးမကင်းတဲ့အစားအစာတွေကြောင့်လဲ ရောဂါပေါင်းများစွာ ရရှိနိုင်ကြပါတယ်။
အခုကျွန်မတို့နိုင်ငံ ဆေးရုံဆေးခန်းတွေမှာ covidမရှိခင်ကတည်းက ရုံပြည့်ရုံလျှံပါပဲ၊ ရှိတဲ့ကျန်းမာရေးဝန်ထမ်း ဆေးရုံအဆောက်အဦးနဲ့ မလောက်ငကြတာလဲ အားလုံးအသိပါ။ ဒီလိုကျန်းမာရေးဆေးကုသမှုစရိတ်တွေဟာ နိုင်ငံကို များစွာ နစ်နာစေပါတယ်။ နိုင်ငံသားတွေမကျန်းမာ နေမှတော့ နိုင်ငံတိုးတက်ရေးလည်း မလုပ်နိုင်ကြတော့ပါ။
နောက်ဆုံးတစ်ခုက ရာဇဝတ်မှု ကျူးလွန်မှု မြင့်မားခြင်းပါ။ ဖွံ့ဖြိုးမှုအားနည်းတဲ့ ကလေးတွေဟာ နောက်အခါမှာ လမ်းပေါ်ရောက်ကာ ရာဇဝတ်မှုကျူးလွန်သူတွေ ဖြစ်သွားနိုင်ပါတယ်၊
ဒီလိုဆိုရင် တိုင်းပြည်ဟာ လူ့စွမ်းအား အရင်းအမြစ်ဆုံးရှုံးတဲ့အပြင် တရားစီရင်ရေးနဲ့ ပြစ်မှုနှိမ်နင်းတဲ့ စားရိတ်တွေပါတက်လာပါလ်ိမ့်မယ်။
အားလုံးထဲမှာ နောက်ဆုံးသော အချက်ဟာ အရေးအပါဆုံးပါပဲ။
ဒီလိုဖွံ့ဖြိုးမှုကောင်းမွန်စွာ မရခဲ့တဲ့ကလေးတွေဟာ သူတိုရဲ့ မျိုးရိုးဗီဇမှာ အမှတ်အသား genetic mark ပါသွားနိုင်ပါတယ်။
အကျိုးဆက်ကတော့ ဗီဇနဲ့ပတ်ဝန်းကျင် အချိုးအစားတကျ ပူးပေါင်းဖြစ်တည်လာမယ့် အနာဂတ်ကလေးတွေဟာ သူတို့ရဲ့ဗီဇမှာ ဒီ အမှတ်အသားတွေ ပါသွားတတ်တာပါပဲ။
ခြုံငုံပြောရရင် ငယ်စဉ်အခါမှာ ဖွံ့ဖြိုးမှုကောင်းမွန်စွာ မရရှိခဲ့တာနဲ့ နောင်ကြီးပြင်းလာတဲ့အချိန်တင်မဟုတ် သူကဆက်လက် မွေးဖွားဦးမယ့် မျိုးဆက်တစ်ဆက်လုံးအထိပါ မကောင်းတဲ့ အကျိုးသက်ရောက်မယ်ဆိုတာပါပဲ။
တနည်း မျိုးရိုးစဉ်ဆက် နိမ့်ကျသွားကြတတ်တာပါပဲ။ အဲ့ဒီလိုဖြစ်ရင် ဘာဆက်ဖြစ်မလဲ ဆိုတော့ ဟိုးအောက်ဆုံးက Macro causesတွေ ပြန်ဖြစ်လာစေမှာပါပဲ။
မဆုံးနိုင်တဲ့ သံသရာကြီး ထဲမှာ လည်နေတဲ့ လူအဖွဲ့အစည်းကြီး ဖြစ် နေမှာပါပဲ။
KHK
ပုံကိုးကား - Unicef's Programme Guidance for Early Childhood Development.

No comments:
Post a Comment