Friday, July 8, 2022

 attachment(တွယ်တာမှု)သီအိုရီဟူသည် အဘယ်နည်း။

attachment(တွယ်တာမှု)သီအိုရီအား Bowlby၏ အဆင့်၄ဆင့်ဖြင့် ရှင်းပြခြင်း


ကလေးများ၏ ပြဿနာများသည် မိခင်၏ အပြစ်သာ ဟုတ်ပါသလား”


Sigmund Freudကို ထိုမေးခွန်းအားမေးလျှင် သူသည် မည်သည့်ကိစ္စပင်ဖြစ်ဖြစ် ထိုအချက်ကို ရည်ညွှန်းလေ့ရှိသဖြင့် “ဟုတ်ကဲ့” ဟု ပြန်ဖြေပါလိမ့်မည်။

သို့သော် ယခုအချိန်တွင် ကျွန်ုပ်တို့သည် ဖရွိုက်ထက် စိတ်ပညာ၊ မိဘအုပ်ထိန်းခြင်းနှင့် လူ့ဆက်ဆံရေး အကြောင်းများစွာ ပိုသိလာပြီ ဖြစ်ပါသည်။

ပြဿနာတိုင်းကို မိခင်ဆီသို့ အမြဲ အပြစ်ဖို့ရန် မဖြစ်နိုင်ကြောင်း ယခုအချိန်တွင် ရှင်းလင်းစွာ သိနေကြပြီဖြစ်သည်။ ထိုပြဿနာများ၏ ရင်းမြစ်သည် ကလေး၏ မျိုးရိုးဗီဇမှစ၍ အခြားသော  ပြုစုပျိုးထောင်ရာတွင် ပါဝင်ကြသူများ အများအပြားဖြစ်နိုင်ကြပါသည်။

ကလေး၏ဘဝတွင် သူ(သို့မဟုတ်)သူမအပေါ် သြဇာလွှမ်းမိုးသော အခြားအရေးကြီးသော လူများစွာ ရှိသည်။ မောင်နှမများ၊ အဘိုးအဘွားများ၊ အဒေါ်များနှင့် ဦးလေးများ၊ ရင်းနှီးသော မိသားစု သူငယ်ချင်းများ၊ ကလေးထိန်းများ၊ နေ့ကလေးထိန်းကျောင်းမှ ဝန်ထမ်းများ၊ ဆရာများ၊ ရွယ်တူများနှင့် ကလေးနှင့် ပုံမှန်အပြန်အလှန်ဆက်သွယ်သည့် အခြားသူများလည်း ရှိကြပါသည်။


အထက်တွင် ဖော်ပြထားသော မေးခွန်းသည် စကားစမြည် မေးခြင်းသက်သက် ဖြစ်ပါသည်၊ သို့သော် ၎င်းမေးခွန်းသည် စိတ်ပညာနှင့် ပတ်သက်၍ အရေးကြီးသော ဆွေးနွေးမှုတစ်ခုလည်း ဖြစ်နေပါသည်။ 

ကလေးများ ပြုလုပ်မိသည့် အပြုအမူများအပေါ် အဘယ်အရာက လွှမ်းမိုးသနည်း။

သူတို့၏ ဝန်းကျင်ရှိသူများနှင့် အဓိပ္ပာယ်ပြည့်ဝသော ကျေနပ်ရောင့်ရဲသော ဆက်ဆံရေးကို တည်ဆောက်နိုင်စွမ်းအပေါ် အဘယ်အရာက သက်ရောက်မှုရှိသနည်း။


စိတ်ပညာရှင်များက ကလေးများ၏ ပြဿနာအများစုမှာ မိခင်၏ အမှား သို့မဟုတ် မိဘနှစ်ဦး စလုံး၏ မှားယွင်းမှုဟု အပြီးသတ်မပြောနိုင်သော်လည်း မိဘများနှင့် ကလေး၏ အစောပိုင်း အတွေ့ အကြုံများသည် အရွယ်ရောက်သူများဖြစ်လာချိန် သူတို့၏ ဆက်ဆံရေးစွမ်းရည်အပေါ် များစွာ သက်ရောက်မှုရှိသည်ဟု ကျွန်ုပ်တို့ သိထားကြသည်။

ဤကိစ္စနှင့်ပတ်သက်ပြီး ကျွန်ုပ်တို့သိရှိထားခြင်းများဟာ ၁၉၅ဝပြည့်လွန်နှစ်တွေမှာ attachment theoryဟုခေါ်သည့် အယူအဆတစ်ခုမှ ဆင်းသက်လာခြင်းဖြစ်သည်။ ဤသီအိုရီသည် ဤဆောင်းပါး၏ အဓိက အကြောင်းအရာ ဖြစ်ပါလိမ့်မည်။ ကျွန်ုပ်တို့သည် ယခုဆောင်းပါးတွင် (တွယ်တာမှု)attachmentသည် မည်သည့်အရာဖြစ်သည်၊ ၎င်းကို မည်သို့ အပြုအမူများဖြင့် ဖော်ပြသည်၊ ပြင်ပလောကတွင်ရှိသည့် အပြုအမူများအကြောင်းနှင့် ထိုအယှုအဆကို လက်တွေ့ အကောင်အထည်ဖော်ခြင်း အကြောင်းများကို စူးစမ်းလေ့လာပါမည်။





Harlow စမ်းသပ်ချက်

၁၉၅ဝနှစ်များတွင် Harry Harlowသည် သတ္တဝါများ၏ မိဘများနှင့် ကလေးများ အထူးသဖြင့် မျောက်မိဘများနှင့် ကလေးများအကြား ချစ်ခြင်းမေတ္တာနှင့် ဆက်ဆံရေးကို စမ်းသပ်မှုများ  ပြုလုပ်ခဲ့သည်။

သူ၏ တွေ့ရှိချက်များအရ မိခင်မေတ္တာပြသမှုသည် ရုပ်ပိုင်းဆိုင်ရာပေးအပ်ခြင်းထက် ခံစားမှုပိုင်းဆိုင်ရာ  ပေးအပ်ခြင်းများက ပိုမို ထိရောက်အားသာကြောင်း၊ ထို့ကြောင့် တွယ်တာမှုအတွက် လက်ခံနိုင်စွမ်း အရည်အချင်းများသည် ငယ်စဉ်ကလေးဘဝ အတွေ့အကြုံများအပေါ်တွင် များစွာမှီခိုအားထားနေရပြီး ၎င်းကိုသေချာ သတ်မှတ်လိုက်ပြီးပါက နောင်တွင်များစွာပြောင်းလဲရန် မဖြစ်နိုင်တော့ကြောင်း ဖော်ပြခဲ့သည်။ (Herman, 2012)

Harlowသည် ဤစိတ်ဝင်စားဖွယ်တွေ့ရှိချက်များကို အခြေခံကျသော စမ်းသပ်မှု နှစ်ခုဖြင့် ပြုလုပ်ကာ သက်သေပြခဲ့သည်။

ပထမစမ်းသပ်မှုတွင် Harlowသည် မွေးပြီးနောက် နာရီအနည်းငယ်အကြာတွင် မျောက်မိခင်များနှင့်  မျောက်သားလေးများကို ခွဲခြားထားသည်။ မျောက်သားတစ်ကောင်ချင်းစီကို သက်မဲ့ မွေးစားမိခင် မျောက်ရုပ် နှစ်ရုပ် ပေးထားပါသည်။ သူတို့နှစ်ရုပ်စလုံးသည် နို့စို့မျောက်သားကလေးများကို ရှင်သန် နိုင်ရန် လိုအပ်သောနို့ကို ထောက်ပံ့ပေးပြီး တစ်ခုမှာ ဝါယာကြိုးကွက်များနှင့် ပြုလုပ်ထားသော မျောက်ရုပ်မိခင်ဖြစ်ပြီး အခြားတစ်ခုမှာ ပျော့ပျောင်းသော အဝတ်ထည်ဖြင့် ဖုံးအုပ်ထားသည့် မျောက်မိခင်အရုပ်ဖြစ်သည်။ 

မျောက်သားများသည် အမြဲတမ်းအတူနီးကပ်စွာ နေထိုင်ရန် မိမိနှစ်သက်သည့် အရုပ်မိခင်ကို လွတ်လပ်စွာ ရွေးချယ်ခွင့် ပေးသည့်အခါ မျောက်သားလေးတိုင်းလိုလိုသည် နူးညံ့သော အထည်ဖုန်းအုပ်ထားသည့် အရုပ်မိခင်ကိုသာ ရွေးချယ်ကြကြောင်း တွေ့ရှိရသည်။  ထိုတွေ့ရှိချက်သည် နို့စို့သတ္တဝါများအဖို့ အသက်ရှင်သန်ရေးအတွက် နို့ကို မည်သည့်နေရာမှ ဖြစ်စေ ရရှိရန် အချက်တစ်ခု သာလျှင် အရေးပါခြင်း မဟုတ်ဘဲ အခြားအချက်ပေါင်းများစွာ ပါဝင်ကြောင်း သိရှိရပါသည်။

သူ၏ ဒုတိယစမ်းသပ်မှုအတွက် Harlowသည် စမ်းသက်မှု မူလတည်ဆောက်ပုံကို ပြုပြင်ခဲ့သည်။ မျောက်သားလေးများအား အုပ်စုနှစ်ခုခွဲကာ သူတို့ ရှင်သန်ရန် လိုအပ်သောနို့ကို ဝါယာကြိုးမိခင်မှ ပေးသည့်အုပ်စုနှင့် နူးညံ့သော အဝတ်စမိခင် မှ ပေးအပ်သည့် အုပ်စု နှစ်မျိုးခွဲခြားလိုက်သည်။

အုပ်စုနှစ်စုစလုံးမှ မျောက်သားကလေးများသည် အသက်ရှင်သန်ကြပြီး ရုပ်ပိုင်းဆိုင်ရာတူညီစွာ ဖွံ့ဖြိုးကြ သော်လည်း အလွန်ကွဲပြားခြားနားသော အမူအကျင့်သဘောထားများကို ပြသခဲ့ကြသည်။ ထူးဆန်း ကျယ်လောင်လှသော အသံကို ပြုလုပ်ကာ စမ်းသပ်ရာတွင် ထိုအသံအား ကြားရသည့်အချိန်၌ အဝတ်မိခင်နှင့် နေထိုင်သည့် မျောက်သားကလေးများသည် မိခင်ဆီသို့ ပြေးကပ်ကာ အကြောက်ပြေရန် မိမိကိုယ်ကို နှစ်သိမ့်ကြသည်။ ဝါယာကြိုးတပ်ထားသောမိခင်နှင့် အတူနေသည့် မျောက်သား ကလေးများသည် အသံကြားရသည်နှင့် ကြမ်းပြင်ပစ်လှဲချခြင်း၊ မိမိကိုယ်ကိုဆုပ်ကိုင်ခြင်း၊ ရှေ့နှောက် လွှဲကာခုန်ခြင်း၊ ကြောက်လန့်တုန်လှုပ်စွာ အော်ဟစ်ခြင်းတို့ လုပ်ခဲ့ကြသည်။

ဤသို့ ထွေးပွေ့ခြင်းမှတဆင့် ရရှိခဲ့သည့် နို့စို့အရွယ်အတွက် စိတ်ခံစားမှုတွယ်တာခြင်း စိတ်ဖိစီးမှုနှင့် စိတ်လှုပ်ရှားမှုထိန်းချုပ်နိုင်ခြင်းတို့သည် မျောက်ငယ်၏ နောက်ပိုင်းကာလ တုံ့ပြန်မှုများကို အကျိုးသက် ရောက်ကြောင်း ရှင်းလင်းစွာ နားလည်ရပါသည်။ (Herman, 2012)

ဤစမ်းသပ်မှုနှစ်ခုသည် ကလေးသူငယ်များ၏ တွယ်တာခြင်းဆိုင်ရာ အတွေ့အကြုံများနှင့် နောက်ပိုင်း ဘဝတွင် ထိုအတွေ့အကြုံများ၏ အကျိုးသက်ရောက်ပုံများအကြောင်း နောက်ထပ် လေ့လာမှုများ ပြုလုပ်ရန် အုတ်မြစ်ချခဲ့သည်။













attachment သီအိုရီဟူသည် အဘယ်နည်း။ အဓိပ္ပာယ်သတ်မှတ်ချက်

တွယ်တာမှု စိတ်ပိုင်းဆိုင်ရာသီအိုရီကို ကလေးငယ်များနှင့် ၎င်းတို့၏ မိဘများအကြား ခွဲခွာခြင်း၏ အကျိုးသက်ရောက်မှုများအား သုတေသနပြုသူ စိတ်ပညာရှင်John Bowlby ကဖော်ပြခဲ့သည် (Fraley, 2010)

Bowlbyသည် ကလေးများသည် ငယ်ရွယ်စဉ်တွင် မိဘများနှင့် ခွဲခွာမှုပြုရာ၌ ငြင်းဆန်သည့် အနေဖြင့် အလွန်ပြင်းထန်သော အပြုအမူများပြုခြင်း သို့မဟုတ် မိဘနှင့် ခွဲခွာရာမှ ပြန်လည် တွေ့ဆုံချိန်တွင် ငိုခြင်း၊ အော်ဟစ်ခြင်းနှင့် ဂျီကျခြင်းကဲ့သို့သော အပြုအမူများသည် သူ့အလိုလို ဖြစ်ပေါ်လာသော ယန္တရားများ ဖြစ်သည်ဟု ယူဆခဲ့သည်။ Bowlbyက ဤအပြုအမူများသည် သဘာဝအလျောက် ရွေးချယ်ခြင်းများဖြစ်ပြီး ကလေး၏ ရှင်သန်နိုင်မှု အခွင့်အလမ်းများကို မြှင့်တင်ခြင်း ဖြစ်နိုင်သည်ဟု ထင်မြင်ခဲ့သည်။

ကလေးသည် ပြုစုစောင့်ရှောက်သူများ(မိဘ)၏ စောင့်ရှောက်ခြင်းခံရမှုနှင့်အတူ မိမိအသက်ရှင်သန် ရပ်တည်နိုင်ရေုး ဆုံးရှုံးမည့် ခြိမ်းခြောက်မှုအား ရိပ်မိသဖြင့် အလိုအလျောက် တုံ့ပြန်မှုများအဖြစ် ဤတွယ်တာမှုပြအပြုအမူများကို ပြုလုပ်ကြခြင်းဖြစ်သည်။ ဤအပြုအမူများပြုလုပ်သည့် မွေးကင်းစ ကလေးငယ်များသည် ရှင်သန်ရန်အခွင့်အရေး ပိုများသောကြောင့် ပင်ကိုဗီဇများတွင် မျိုးဆက်မပြတ် သဘာဝအလျောက် ပြုမူစေရန် သဘာဝမှ အားပေးခဲ့ပုံရသည်ဟု ဆိုပါသည်။ 

Bowlby၏ တွယ်တာမှုသီအိုရီ သုတေသနပြုချက်အရ ကလေးများကို မရင်းနှီးသော နေရာတစ်ခုတွင် မိဘများနှင့် အချိန်တစ်ခု ခွဲခွာကာထားပြီးမှ မိဘများနှင့် ပြန်လည် ဆုံဆည်း ပေးချိန်တွင် ယေဘုယျအားဖြင့် အောက်ပါ နည်းလမ်းသုံးမျိုးမှ တစ်မျိုးမျိုးဖြင့် တုံ့ပြန်ပါလိမ့်မည်။


၁။ {Secure attachment} လုံခြုံသောတွယ်တာမှု - ဤကလေးများသည် ခွဲနေရခြင်းအတွက် စိတ်သောကရောက်ခဲ့ကြသော်လည်း မိဘများပြန်လာသောအခါ နှစ်သိမ့်မှုရကာ စိတ်သက်သာရာရကြသည်။



၂။ {Anxious-resistant attachment} စိုးရိမ်ပူပန် တွန်းကန်သော တွယ်တာမှု

ကလေးငယ်အချို့သည် ခွဲခွာချိန်တွင် ပိုမိုပြင်းထန်သော စိတ်ထိခိုက်မှုကို ခံစားရပြီး မိဘများနှင့် ပြန်လည်ဆုံဆည်းသောအခါ နှစ်သိမ့်မှုရယူသော်လည်း မိဘများအား မိမိကို ထားသွားသည့်အတွက် “အပြစ်ပေး”ရန် ကြိုးစားတတ်ကြသည်။


၃။ {Avoidant attachment} ရှောင်ကြဉ်ဖယ်ခွာ တွယ်တာမှု   

ဤတတိယအမျိုးအစားမှ ကလေးများသည် မိဘများနှင့်ခွဲနေရခြင်းအပေါ် စိတ်ဖိစီးမှု (သို့မဟုတ်) အနည်းငယ်မျှသော စိတ်ပျက်မှုမတွေ့ရပါ။ မိဘများကို ပြန်လည်ဆုံဆည်းချိန်တွင် ရှောင်ကြဉ်ခြင်း အားဖြင့် မိဘများကို လျစ်လျူရှုတတ်ကြသည် (Fraley, 2010)


၄။ {the disorganized-disoriented attachment style} အစီအစဉ်အတည်တကျမရှိ ရည်ရွယ်ချက်မဲ့ တွယ်တာမှုပုံစံ 

နောက်ပိုင်းနှစ်များတွင် သုတေသီများသည် ဤစာရင်းတွင် စတုတ္ထတွယ်တာမှုပုံစံကို ထည့်သွင်းထားသည်။ ၄င်းပုံစံရှိသော ကလေးများသည် ကြိုတင်ခန့်မှန်းမရသော ပုံမှန်မရှိသော တွယ်တာမှုအပြုအမူပုံစံများကို ပြုလုပ်လေ့ရှိသည်။ (Kennedy & Kennedy, 2004) 


ကလေးတစ်ဦး၏ တွယ်တာမှုပုံစံသည် သူသို့မဟုတ်သူမ၏ အစောပိုင်းနှစ်များတွင် လက်ခံရရှိသည့် စောင့်ရှောက်သူများ၏ ပြုစုစောင့်ရှောက်မှုပုံစံပေါ်တွင် များစွာမူတည်ကြောင်း အဓိပ္ပာယ်သက်ရောက် နားလည်ရပါသည်။ စောင့်ရှောက်သူများထံမှ ပံ့ပိုးမှုနှင့် ချစ်ခြင်းမေတ္တာရရှိခဲ့သည့် ကလေးများသည် လုံခြုံစိတ်ချမှုကို ခံစားရဖွယ်ရှိပြီး စောင့်ရှောက်သူများထံမှ အဆင်မပြေမှု သို့မဟုတ် လစ်ဟင်းမှုများကို ကြုံတွေ့ခံစားခဲ့ရသူများသည် သူတို့နှင့် မိဘများအကြား ဆက်ဆံရေးနှင့် ပတ်သတ်၍ ပိုမို၍ စိုးရိမ်ပူပန်မှု ခံစားရဖွယ်ရှိသည်။

Bowlby၏သုတေသနသည် ကလေးတစ်ဦး၏ တွယ်တာမှုပုံစံနှင့် သက်ဆိုင်သော စိတ်ခံစားမှု ထိန်းချုပ်ခြင်းဆိုင်ရာ အပြုအမူများစွာ ရှိကြောင်းပြသခဲ့သည်။ 

တွေ့ရှိချက်များအနက် အောက်ပါတို့သည် ၄င်းဆက်နွယ်မှုများ၏ သက်သေသာဓကများဖြစ်ကြသည်။ 


လုံခြုံစိတ်ချသော တွယ်တာမှု {Secure Attachment}

 ဤကလေးများသည် ယေဘုယျအားဖြင့် အခြားသူများအား မိမိအတွက် အားပေးရာ အထောက်အကူ ဖြစ်ရာလူများအဖြစ် သတ်မှတ်ကြပြီး သူတို့ကိုယ်သူတို့လည်း အရည်အချင်းရှိပြီး လေးစားမှုခံယူထိုက် သူများအဖြစ် ရှုမြင်လေ့ရှိသည်။ သူတို့သည် အခြားသူများကို အကောင်းမြင်လေ့ရှိပြီး အခက်အခဲ ကြုံလာလျှင်လည်း ကြံ့ကြံ့ခံနိုင်မှု ရှိကြသည်။ ရှုပ်ထွေးသော ကစားနည်းများကို ပါဝင်ကစားနိုင်ကြပြီး စာသင်ခန်းအတွင်းလည်း အောင်မြင်မှုရှိကြကာ အခြားကလေးများနှင့် အပြန်အလှန်ပေါင်းသင်း ဆက်ဆံမှုတွင်လည်း ပိုမိုအဆင်ပြေကြသည်။ သူတို့သည် အခြားသူများ၏ အမြင်များကို နားလည် စာနာတတ်ကြပြီး သူများအပေါ် ယုံကြည်မှုလည်း ပိုရှိကြသည်။


စိတ်သောကဖြစ်\ ရှောင်ကြဉ်ဖယ်ခွာ တွယ်တာမှု {Anxious-Avoidant Attachment} 

စိတ်သောကဖြစ်\ရှောင်ကြဉ်ဖယ်ခွာ တွယ်တာမှုပုံစံများရှိသော ကလေးများသည် ယေဘုယျအားဖြင့် မိမိ၏ စိတ်ဖိစီးမှုအခြေအနေများကို ထိရောက်ကောင်းမွန်စွာ မကိုင်တွယ်မဖြေရှင်းနိုင်ကြပါ။ သူတို့သည် သူများထံမှာ အကူအညီရယူခြင်းပြုလုပ်လေ့မရှိဘဲ အပေါင်းအသင်းများကိုလည်း ရှောင်ခွာလေ့ရှိကြသည်။ ထိုအချက်သည် အခြားသူများနှင့် စိတ်ကျေနပ်ဖွယ်ကောင်းသော ဆက်ဆံရေးတည်ဆောက်ခြင်းကို တားဆီးသကဲ့သို့ ဖြစ်လာပါသည်။ သူတို့သည် လိမ်ညာခြင်းနှင့် အနိုင်ကျင့်ခြင်းကဲ့သို့သော ပိုမိုရန်လိုမှုနှင့် လူမှုရေးဆိုင်ရာ ပြဿနာရှိသော အပြုအမူများကို ပြသတတ်ကြသည်။ သူတို့၏ စိတ်ဖိစီးမှုကို လျှော့ချရန် အခြားသူများနှင့် ပိုမိုဝေးကွာအောင် နေလေ့ရှိကြသည်။


စိုးရိမ်ပူပန် တွန်းကန်သော တွယ်တာမှု {Anxious-Resistant Attachment} - ဤကလေးများသည် စိတ်သောကဖြစ်\ရှောင်ကြဉ်ဖယ်ခွာ တွယ်တာမှု {Anxious-Avoidant Attachment} ပုံစံရှိသည့် ကလေးများနှင့် ဆန့်ကျင်ဘက်ဖြစ်ပါသည်။ ၎င်းတို့သည် ကိုယ့်ကိုယ်ကို ယုံကြည်မှုကင်းမဲ့ပြီး သူတို့၏ အဓိကစောင့်ရှောက်သူများနှင့်သာ နီးကပ်စွာ တွယ်ကပ်နေလိုကြသည်။ သူတို့သည် မိမိ၏ စိတ်ခံစားမှုများနှင့် တုံ့ပြန်မှုများကို ပုံကြီးချဲ့ကာ ပြသတတ်သဖြင့် သူတို့၏ ရွယ်တူချင်းများနှင့် ဝေးကွာသွားစေပြီး လူမှုရေးအရ အထီးကျန်မှုကို ဖြစ်စေနိုင်သည်။


•  အစီအစဉ်အတည်တကျမရှိ ရည်ရွယ်ချက်မဲ့ တွယ်တာမှုပုံစံ {the disorganized-disoriented attachment style}ရှိသော ကလေးများသည် များသောအားဖြင့် ခွဲခွာမှု ဒုက္ခများကို ရင်ဆိုင်ဖြေရှင်းရန် စနစ်တကျစီစဉ်ထားသော နည်းဗျူဟာတိုးတက်လာခြင်းမရှိဘဲ ရန်လိုခြင်း၊ အဖျက်အမှောက်လုပ်ရပ်များနှင့် လူများကို ရှောင်ဖယ်ခြင်းတို့ ပြုလုပ်တတ်ကြသည်။ ၎င်းတို့သည် အခြားသူများအား အကူအညီရမည့် အရင်းအမြစ်များဟု မမြင်ကြဘဲ ခြိမ်းခြောက်မှုများ အဖြစ် ရှုမြင်ရန် ပိုမို ဖြစ်နိုင်ခြေရှိသောကြောင့် လူမှုရေးနောက်ဆုတ်ရှောင်ဖယ်ခြင်းနှင့် ခုခံကာကွယ် ရန်လိုသော အပြုအမူများ ဖော်ပြတတ်ကြသည်။ (Kennedy & Kennedy, 2004)

တွယ်တာမှုသီအိုရီ၏ ကလေးသူငယ်များနှင့် ချိတ်ဆက်မှုအကြောင်း ကျွန်ုပ်တို့သိထားရာမှ ၄င်းသီအိုရီသည် အရွယ်ရောက်သူများ၏ ဆက်ဆံရေးဆိုင်ရာ ကိစ္စများနှင့်လည်း သက်ဆိုင်သည်ကို သိရှိလာရသည်။ 

အထူးသဖြင့် (ရင်းနှီးကျွမ်းဝင်မှုနှင့် / အိမ်ထောင်ရေး\အချစ် ကိစ္စရပ်များသည်) ကလေးများကဲ့သို့ပင် ကျွန်ုပ်တို့ငယ်စဉ်က တွယ်တာမှုပုံစံများနှင့် ကျွန်ုပ်တို့၏ အဓိကစောင့်ရှောက်သူများထံမှ ရရှိသော စောင့်ရှောက်မှုအရည်အသွေးများနှင့် တိုက်ရိုက်ဆက်စပ်နေသည် (Firestone, 2013)


KHK



No comments:

Post a Comment

ကလေးငယ်များရဲ့ အစောပိုင်းကာလ အခြေခံအုတ်မြစ် (Early Childhood Fundamental Program) နှင့် ၂၁ရာစုကလေးငယ်များ

ကလေးငယ်များရဲ့ အစောပိုင်းကာလ အခြေခံအုတ်မြစ် ( Early Childhood Fundamental Program ) နှင့် ၂၁ရာစုကလေးငယ်များ လူကြီးမင်းတို့ လွန်ခဲ့တဲ့ ၆လလ...