Saturday, July 9, 2022

             💟💪ကျန်းမာရေးနှင့် လုံခြုံရေးသင်ခန်းစာ💪💟














ကလေးများအတွက် ကျန်းမာရေးနဲ့ လုံခြုံရေးဟာ အစစအရာသော အခြားဖွံ့ဖြိုးမှုများထက် ပိုမိုအရေးပါသလို အခြေခံအကျဆုံးအရာဖြစ်တဲ့အတွက် ကျောင်းစာသင်နှစ်အစပိုင်းမှာ ထည့်သွင်းသင်ကြားသင့်ပါတယ်။ ကလေးများဟာ ကျောင်းမတက်မီ ‌ကျန်းမာရေးနဲ့ လုံခြုံရေးဆိုင်ရာ အချို့အသိပညာများကို ကြိုတင်သိရှိထားပါက ပိုမိုကောင်းမွန်မှာဖြစ်ပေမဲ့ အများအားဖြင့် ထိုသို့သိရှိထားခြင်းမရှိကြပါ။ ဒါ့ကြောင့် ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်ထားတဲ့ကြားက ကျန်းမာရေး ချို့တဲ့မှုများ၊ မတော်တဆထိခိုက်မှုများ မကြာခဏကြုံတွေ့ရလေ့ရှိပါတယ်။ မိဘများအနေနဲ့လည်း ကျောင်းပို့သည်ဖြစ်စေ မပို့သည်ဖြစ်စေ ကလေးကို ယခုဆက်လက်ဖော်ပြမဲ့ ကျန်းမာရေးနဲ့ လုံခြုံ‌‌ဘေးကင်းရေး သင်ခန်းစာတွေကို သင်ကြားပေးထားပါက ကလေးရဲ့မိမိကိုယ်ကို ကာကွယ်စောင့်ရှောက်နိုင်မှု ဘဝတစ်သက်တာ အရည်အချင်းများ ရရှိပိုင်ဆိုင်ထားမှာဖြစ်ပါတယ်။ 


🧅🌽🍳🥞ကျန်းမာရေးနဲ့ အာဟာရသင်ခန်းစာ🧀🍞🥒🍅


ကလေးအသက်အရွယ်အသီးသီးမှာ သူတို့နဲ့ သင့်တော်မယ့် သင်ခန်းစာအမျိုးမျိုးရှိတဲ့အထဲက မူကြိုမှာမိတ်ဆက်ပေးလို့ရတဲ့ လှုပ်ရှားမှုတချို့ကို ဖော်ပြပေးလိုက်ပါတယ်။ အခြားအသက်အရွယ်တွေအတွက် အနည်းငယ်ပြုပြင်သုံးလို့ရပါတယ်။ ပုံမှန်အားဖြင့် ကလေးတွေကို food pyramidလို့ခေါ်တဲ့ အစာအစာ ပိရမစ်နဲ့ ပတ်သက်တဲ့ သင်ခန်းစာတွေသာ သင်ကြားလေ့ရှိကြပေမဲ့ ကျွန်မအကြံပြုချင်တာက ကျွန်မတို့ ရေမြေယဉ်ကျေးမှုနဲ့ ကိုက်ညီအောင် အချို့အရာတွေကို ပြုပြင်ပြောင်းလဲ အသုံးပြုသင့်တယ်ဆိုတာပါပဲ။ အခုနောက်ပိုင်း သူတို့ဆီမှာလည်း food pyramid (အစာအစာ ပိရမစ်)ဟာ ကလေးတွေအတွက် ဘယ်ဟာကို ပိုစားသင့်တယ်ဆိုတာ နားလည်ဖို့ သိပ်မရှင်းလင်းဘူးလို့ ယူဆကြပါတယ်။ ဒါကြောင့်တချို့က အစားအစာပန်းကန်ပြား food plateပေါ်မှာ ဖေါ်ပြကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဓိကကျတာကတော့ လက်ရှိကလေးတွေလိုအပ်နေတဲ့ အာဟာရဓါတ်တွေ စုံစုံလင်လင်ရရှိဖို့ပါပဲ။ ကျမတို့ဆီကကလေးတွေဟာ ထမင်းအစားများတဲ့အတွက် carbohydrate groupကိုစားဖို့ အထူးတိုက်တွန်းနေစရာ သိပ်မလိုအပ်ပါဘူး။ အခြားလိုအပ်နေတဲ့ ပရိုတိန်းနဲ့ ဗိုက်တာမင်သတ္တုဓာတ်စတာတွေသာ များများစားဖို့ တိုက်တွန်းအားပေး နိုင်ပါတယ်။ တစ်ဦးတစ်ယောက်ချင်းစီရဲ့လိုအပ်ချက်တွေဟာ ကွဲပြားနိုင်သေးတာမို့ အထက်ပါကောက်ချက်ဟာ ကိုယ့်ကလေးအတွက် အဆင်မပြေရင် အာဟာရပညာရှင်တစ်ဦးဦးနဲ့ တိုင်ပင်တာပိုကောင်းပါတယ်။ အစားအစာအုပ်စု တက်နိုင်သမျှ အစုံအလင်ပါဝင်အောင် ပြင်ဆင်ထားတဲ့ အစားအစာတွေကို ကလေးအတွက် စားချင်စဖွယ် အတူတူ ပြင်ဆင်ကြတာဟာ အထိရောက်ဆုံးသင်ခန်းစာပါပဲ။ 


အစပျိုးခြင်း (Lead in)


သင်ခန်းစာတိုင်းမှာ ကလေးတွေအတွက် လက်ခံသင်ယူနိုင်ဖို့ အစပျိုးခြင်းနဲ့ အစပြုရပါတယ်။ ဒါမှပဲကလေးတွေရဲ့ သင်ခန်းစာအပေါ်စိတ်ဝင်စားမှု အပြည့်အဝရမှာဖြစ်ပါတယ်။ 


ကလေးတွေကြိုက်လောက်တဲ့ ကဗျာ၊ သီချင်း၊ ပုံပြင်တွေထဲက အာဟာရနဲ့ပတ်သက်တာတွေ ရှာဖွေပြီး အစပြုပေးလို့ရပါတယ်။ 


https://youtu.be/C1SDXOP6Fbc


ပထမဆုံး Nutrition song by Learning Station သီချင်းလေးကို အကြံပြုပါရစေ။ အခြားသီချင်းများကိုလည်း ကိုယ်ကြိုက်နှစ်သက်ရာ ရွေးချယ်နိုင်ပါတယ်။ မြူးကြွပြီး ကလေးရဲ့ လှုပ်ရှားပါဝင်ဆောင်ရွက်မှုရှိတဲ့ သီချင်းမျိုးဆိုရင် ရပါတယ်။


My Food Plate အစားအစာ ပန်းကန် ဖန်တီးခြင်း သင်ခန်းစာ


Food Plateမှာပါတဲ့ အစားအစာတွေကို Sample food plateပြပြီး ဆွေးနွေးပါ။ ပြီးရင်တော့ ကလေးနဲ့အတူတူ မိမိရဲ့ အစားအစာပန်းကန်ပြားကို အတူတူဖန်တီးပါ။

paper plate အပြားကြီးကြီး သို့မဟုတ် ကတ်ထူစက္ကူပြားကို ပန်းကန်ပြားပုံ အဝိုင်းကြီးကြီးညှပ်ထားတာကို အသုံးပြုနိုင်ပါတယ်။ 

အစားအစာပုံများပါသော မုန်လုပ်နည်း၊ ဟင်းချက်နည်းစာအုပ်များ သို့မဟုတ် မဂ္ဂဇင်းများမှ အစာစားပုံများ ကိုအတူတူညှပ်ပါ။ အစားအစာများရဲ့ အမည်များကိုပါ သင့်ကြားလိုပါက ရေရှည်အသုံးပြုနိုင်အောင် ပလက်စတစ်လောင်းကာ အသုံးပြုနိုင်ပါတယ်။ ပြီးလျှင်ကလေးနဲ့အတူတူ ပန်းကန်ပြားပေါ်တွင် အစားအစာအုပ်စုများအလိုက် စုခွဲခိုင်းပါ။ ကလေးမှ အစားအစာအုပ်စုများကို ကောင်းစွာခွဲခြားမှတ်မိလာလျှင် မိမိနှစ်သက်ရာ အစားအစာကိုရွေးချယ်ပြီး တိပ်ဖြင့်ကပ်ခြင်းဖြစ်စေ ပလက်စတစ်မလောင်းထားပါက ကော်ဖြင့်ကပ်ခြင်းဖြစ်စေ ပြုလုပ်နိုင်ပါတယ်။ 


အစားအစာအုပ်စု ကစားနည်း


Food Group Fun

https://youtu.be/tqs9XWy-FM8


သီချင်းကိုဆိုရင်းဖြစ်စေ သီချင်းမှာပါသော အစားအစာ အုပ်စုများအတိုင်း မိတ်ဆက်ပေးပြီး ကလေးနဲ့အတူ လှုပ်ရှားမှုပြုလုပ်ကာ ကစားနိုင်ပါတယ်။ ကလေးများအတွက် အစားအစာနာမည်များ မရင်းနှီးသေးပါက ကဒ်များပြပြီး ညွှန်ကြားနိုင်ပါတယ်။


Healthy snacks recipes

အာဟာရပြည့် မုန့်လုပ်ခြင်း လှုပ်ရှားမှု သင်ခန်းစာ


https://www.kids-cooking-activities.com/preschool-snack-recipes.html


ဖော်ပြပါ website linkမှာ ကလေးတွေသဘောကျမယ့် ပြုလုပ်ချင်ကြမယ့် အစားအစာ‌နမူနာတွေ ပါရှိပါတယ်။ ဒီအထဲက မိမိပတ်ဝန်းကျင်မှာ ရရှိနိုင်တဲ့ အစားအစာမုန့်များကို ကလေးနဲ့အတူ စားချင်စဖွယ်ပြင်ဆင်ပြီး ပြုလုပ်သုံးဆောင်နိုင်ပါတယ်။ အစားအစာပြင်ဆင်ရမှာ လက်ဆေးခြင်း၊ အစားအစာများကို စင်ကြယ်အောင်ဆေးခြင်း ထည့်သိုမယ့် အိုးခွက်ပန်းကန်များကို သေချာစွာသန့်ရှင်းခြင်းများ ကလေးများရှေ့တွင် အသိပေးပြုလုပ်ပေးပါ။ 

ဒီလို သင်ခန်းစာလေးတွေ အတူသင်ယူကြရင်းနဲ့ ကလေးရဲ့ အာဟာရ နဲ့ပတ်သက်တဲ့ အသိပညာတွေ တိုးရုံသာမက နေ့စဉ်စားသောက်နေတဲ့ အစာစာတွေကိုလည်း အာဟာရဖြစ်တဲ့အစားအစာတွေ ရွေးချယ်ကာ စားသောက်တတ်တဲ့အလေ့အကျင့် ရရှိလာမှာဖြစ်ပါတယ်။ ကလေးရဲ့ရှေ့မှာ ဆရာဆရာမနဲ့ ဖေဖေမေမေတို့ကလည်း ကလေးအတုယူနိုင်အောင် အာဟာရတန်ဘိုးရှိတဲ့ အစားအစာတွေ စားသောက်ပြဖို့လည်းလိုအပ်ပါတယ်။ ကလေးတွေဟာ လူကြီးတွေကို စဉ်ဆက်မပြတ်အကဲခတ်ရင်း သင်ယူနေကြတယ်ဆိုတာ မမေ့ပါနဲ့။


ချစ်ခင်စွာဖြင့်

KHK


https://food-guide.canada.ca/en/

Meaningful Ma Ma


No comments:

Post a Comment

ကလေးငယ်များရဲ့ အစောပိုင်းကာလ အခြေခံအုတ်မြစ် (Early Childhood Fundamental Program) နှင့် ၂၁ရာစုကလေးငယ်များ

ကလေးငယ်များရဲ့ အစောပိုင်းကာလ အခြေခံအုတ်မြစ် ( Early Childhood Fundamental Program ) နှင့် ၂၁ရာစုကလေးငယ်များ လူကြီးမင်းတို့ လွန်ခဲ့တဲ့ ၆လလ...