Friday, July 8, 2022

Social Media မှာ ဖွင့်ထုတ်ခြင်း

 social mediaမှာ ရေးတာဂရုစိုက်စေချင်တယ်လို့ ချစ်တဲ့ခင်တဲ့ မိတ်ဆွေတွေကို သတိပေးမိကြမှာပါ။ တကယ်တော့ အခုလိုအချိန်မှာ social media ပေါ်မှာ ရေးတာသားတာတွေဟာ ပိုထိရှလွယ်လာတဲ့အတွက် စိုးရိမ်မိတာမှန်ပါတယ်။

သို့သော် ဒီလိုစိုးရိမ်စိတ်တွေကြောင့် ကိုယ့်ခံစားချက်တွေ ရင်ဖွင့်တဲ့အခွင့်အရေး ဆုံးရှုံးရတော့မလား။

 အဲ့ဒီလိုဟာလည်း တရားမျှတမှုမရှိဘူးလို့ မြင်ပါတယ်။

လူတိုင်းမှာ ဒီလိုရင်ဖွင့်ဖို့ အခွင့်အရေးရှိရမယ်။

ခံစားရတာတွေ ပြောလို့ရရမယ်။

အထူးသဖြင့် မိတ်ဆွေနည်းသူတွေက ဒီမှာရင်လာဖွင့်လေ့ရှိကြတယ်မဟုတ်ပါလား။

လူဆိုတာ အမြဲအကောင်းမြင် မနေနိုင်ကြပါဘူး ရေးမိပြောမိရှိကြတာပါပဲ။

အဓိကကဒီအပေါ်မှာ ရေးသမျှပြောသမျှဟာ မှတ်တမ်းဖြစ်နေတတ်လို့ တစ်ချိန်ချိန်မှာ သူများကိုထိခိုက်မိနိုင်တာ ကိုယ့်ကိုထိခိုက်လာနိုင်တာတွေ ရှိလာနိုင်တဲ့အတွက် ဆင်ခြင်ကြရတာပဲ ရှိပါတယ်။ စစ်မှန်တဲ့ခံစားချက်တွေတော့ ရေးနိုင် ဖော်ပြနိုင်ကြပါတယ်။

 

လူတွေရဲ့အထင်အမြင်မှာ ခံစားချက်ဆိုတာ သိမ်းဆည်းချုပ်ကွပ်ထားရမဲ့အရာလို့ လက်ခံထားကြတာများတဲ့အခါ မလွှဲမရှောင်သာ ရောက်ရှိလာတဲ့ခံစားချက်တွေကို ဘယ်သူ့မှ မရိပ်မိအောင် ထိန်းသိမ်းထားလိုက်ရလေ့ရှိကြတယ်။ ဒီလိုမဟုတ်ဘဲ ခံစားချက်အလိုက် ပြုမူပြောဆိုလိုက်ရင်ပဲ ကလေးဆန်သွားသလို၊ ကိုယ့်အားနည်းချက်ကို လူသိခံမိသလို ဖြစ်မှာ စိုးရိမ်နေကြရတယ်။

 

အဲ့ဒီလို ဖြစ်ပေါ်လာတဲ့ ခံစားချက်တွေကို ချိုးနှိမ်ဖုံးကွယ်လိုက်တာဟာ သူများတွေ မတွေ့မမြင်အောင်ဆိုရင် သိပ်ကိစ္စမရှိပေမဲ့ ကိုယ်ကိုကိုယ်တိုင်ဆီကနေ ဖုံးကွယ်နေပြီဆို ပြဿနာရှိလာပါပြီ။ ကိုယ့်ကို သူများကမသိတာ နားမလည်တာ ပြဿနာမကြီးပေမဲ့ ကိုယ့်ကိုကိုယ်မသိတာ နားမလည်တာဟာ ပိုပြဿနာကြီးပါတယ်။

 

ဘာဖြစ်လို့လဲဆိုတော့ ခံစားချက်တွေဆိုတာ ဘယ်မှရောက်မသွား ပျောက်မသွားတတ်လို့ပါပဲ။ တစ်ချိန်ချိန်မှာ တနည်းနည်းနဲ့ ကျွန်မတို့ဆီကနေ ပုံစံတစ်မျိုးမျိုးနဲ့ ပြန်ထွက်ပေါ် ရုပ်လုံးပြလာကြမှာပါ။

 

လူတစ်ယောက်ကို အပြင်လူအမြင်မှာ ခံစားချက်မဲ့သူ တည်ငြိမ်သူကြီးလို့ ထင်မြင်နိုင်ပါတယ်။ တကယ်တမ်း သူ့လောက် ခံစားတတ်တာ ခံစားလွယ်တာ သူပဲရှိတဲ့လူ ဖြစ်နေနိုင်ပါတယ်။ လူတိုင်းဟာ ပြီးပြည့်စုံတဲ့ ဘဝအခြေအနေတွေနဲ့ ဖြတ်သန်းလာကြရတာ မဟုတ်တဲ့အတွက် လူတိုင်းမှာ စိုးရွံစရာ ကြောက်မက်ဖွယ် ခံစားချက်တွေ နေ့စဉ်ခံစားဖြတ်သန်းနေရတာပဲ မဟုတ်လား။ ဒါတွေကို ဖော်ထုတ်ခွင့်မရှိရင် ကျွန်မတို့ဟာ မပျော်ရွှင်နိုင်ကြတော့ဘဲ စက်ရုပ်သာသာ ဖြတ်သန်းဟန်ဆောင် နေကြရတော့မှာပေါ့။

 

ဒါကြောင့် မှန်ကန်တဲ့ သူများကိုမထိခိုက်နိုင်တဲ့ နည်းလမ်းနဲ့ ဖော်ထုတ်ကြတဲ့ ခံစားချက်တွေကို ကျွန်မတို့နားလည်လက်ခံပေးကြရမယ်လေ။

ကိုယ်တိုင်မကျော်ဖြတ်ခဲ့ရတဲ့ သူများဘဝလမ်းကြောင်းက ဒဏ်ရာတွေဟာ ပျက်ရယ်ပြုစရာ အားနည်းချက်တွေ မဟုတ်ဘူး။

ဒါတွေဟာ ကျွန်မတို့နဲ့ မတူညီနိုင်တောင် နားလည်လက်ခံနှစ်သိမ့်ပေးရဖို့ အခွင့်အရေးရမယ့် သူများရင်ဘတ်ထဲက ချောင်းကြည့်ပေါက်လေးတွေပါ။ လွတ်လွတ်လပ်လပ် ဖော်ထုတ်ကြပါစေနော်။ မဝေဘန်မိပါစေနဲ့ပေါ့။

 

KHK



No comments:

Post a Comment

ကလေးငယ်များရဲ့ အစောပိုင်းကာလ အခြေခံအုတ်မြစ် (Early Childhood Fundamental Program) နှင့် ၂၁ရာစုကလေးငယ်များ

ကလေးငယ်များရဲ့ အစောပိုင်းကာလ အခြေခံအုတ်မြစ် ( Early Childhood Fundamental Program ) နှင့် ၂၁ရာစုကလေးငယ်များ လူကြီးမင်းတို့ လွန်ခဲ့တဲ့ ၆လလ...