Equality and Inclusion (တန်းတူညီမျှမှုနဲ့ အားလုံးကို ပါဝင်စေခြင်း) ရှိဖို့ ဘယ်လိုစကားလုံးတွေ ရှောင်ကြဥ်ကြရမလဲ။
လူတွေပြောဆိုတဲ့ စကားတွေမှာ သူတို့ရဲ့ စိတ်သဘောထားတွေ ထင်ဟပ်ပါတယ်။ သာမာန်အားဖြင့် လူတွေကို မခွဲခြားဘဲ တန်းတူဆက်ဆံတယ်လို့ ဆိုကြလေ့ရှိပေမဲ့ တကယ်တမ်း စိတ်ထဲမှာ ခွဲခြားဆက်ဆံမိလေ့ရှိပါတယ်။
လူကြီးတွေတောင် သူတို့ပြောသောစကားရဲ့ အကျိုးသက်ရောက်မှုကို သတိမပြုမိဘဲ ပြောဆိုမိတတ်ကြပါတယ်။ သူတို့ ရွေးချယ်တဲ့ စကားလုံးအသုံးအနှုံးတွေဟာ သူတို့ရဲ့ သေးသိမ်တဲ့ သဘောထားတွေကို ကိုယ်စားပြုတတ်ပါတယ်။ ဒါ့ကြောင့် အပြောင်းအလဲတွေလုပ်ချင်ရင် ကလေးတွေရဲ့ရှေ့မှာမှ မဟုတ်ဘဲ လူကြီးချင်း စကားပြောတဲ့အခါတွေမှာလည်း ဒီစကားလုံးတွေကို ရှောင်ကြဥ်နိုင်ဖို့ ကြိုးစားရပါတယ်။ ကျွန်မတို့ရဲ့ စကားလုံးတွေဟာ ကျွန်မတို့ လူ့အဖွဲ့အစည်းအတွင်း နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတဲ့ သဘောထားတွေရဲ့ ပြယုဂ်တစ်ခုလို ဖြစ်တာကြောင့် သတိကြီးကြီး ရွေးချယ်ဖို့ အရေးကြီးပါတယ်။
၁။ စုစု စာသင်တဲ့အချိန် ကွန်ပြူတာနဲ့ပတ်သက်တာတွေ ကူညီပေးဖို့ သူ့အဖွားကို သွားပြောမနေနဲ့။ အသက်ကြီးတဲ့သူတွေက စက်ကိရိယာမကျွမ်းကျင်တော့ သူ့ကို ပြန်ရှင်းပြနေရတာ ပိုမောလိမ့်မယ်။
၂။ ယောက်ျားလေးတွေဆို ပြေးလွှားကြမ်းတမ်းကစားပါစေ၊ သူတို့ကို ငြိမ်ငြိမ်ထိုင်ပြီး အိုးပုတ်နဲ့ အရုပ်နဲ့ မဆော့ခိုင်းနဲ့ ယောကျ်ားလေးနဲ့ မအပ်စပ်ဘူး။
၃။ မောင်မောင်တို့အိမ်က သူ့ကို ဘာလို့ ဘာသာစကားနှစ်မျိုးပြောနေတာလဲ။ ကလေးတော့ နားရှုပ်ကုန်တော့မှာပဲ။ အခုနေနေတဲ့နိုင်ငံရဲ့ အဓိက ဘာသာစကားကို အရင်ပြောတတ်အောင် သင်ပါစေလား။
၄။ မီမီအဖွားက အကသင်တန်းတက်တယ်တဲ့၊ ဒီအရွယ်ကြီးကို ဘာသာရေးမလိုက်စားဘဲနဲ့။
၅။ နေပါစေ သူ့အမေမနက်ဖန်လာမှ ပြောတော့မယ်။ သူ့အဖေက စကားထစ်နေတာနဲ့ ပြောရတာ ရှေ့မတက်ဘူး။ သူ့အစား ကြားရတာရှက်လာတယ်။
၆။ သီတာ့အမေနဲ့ စကားပြောရမှာ ငါတော့ စိတ်ညစ်ပါတယ်။ သူတို့လူမျိုးက စကားပြောရတာ စီးပိုးတယ်။ အေးအေးတို့ မိဘတွေတုန်းက မှတ်မိတယ်မလား အတူတူပဲနေမှာ။
၇။ ရွာကို မြို့ကျောင်းက ကလေးတွေ ရောက်လာတော့မယ်တဲ့ မြင်ယောင်သေးတယ်။ လယ်ကွင်းတောင်ဆုံးအောင် ဖြတ်လျှောက်နိုင်ပါ့မလား၊ နွားစာစင်းဖို့ အစာတောင် သယ်နိုင်ကြမယ့်ပုံမပေါ်ဘူး။
၈။ ရွာက ကလေးတွေ ပြောင်းလာကြတာလေ။ စကားပြောတာအော်ကျယ်ကျယ်နဲ့။ စျေးဝယ်စင်တာတောင်ခေါ်မသွားချင်ဘူး စက်လှေကားပေါ်တောင် တက်တတ်ပါ့မလား။
၉။ စကားပြောတာ ရိုင်းတယ် သူတို့တွေက။ ရှင်းပြလည်း နားလည်ကြမှာ မဟုတ်ဘူး။
၁၀။ ဒီအစားအသောက်ကို ရှောင်ကြဥ်တာ အဓိပ္ပါယ်မရှိဘူး။ သူများတွေ စားသလိုပဲ စားသင့်တယ်။
အထက်ဖော်ပြပါ စကားတွေကို မိတ်ဆွေတစ်ယောက်ကဖြစ်စေ၊ ဆရာမအချင်းချင်းဖြစ်စေ ကိုယ့်ကိုလာပြောတယ် ဆိုကြပါစို့။ ဒီမေးခွန်းတွေကို ဖြေကြည့်ပါ။
ဒီလိုပြောဆိုတဲ့သူတွေဟာ ဘယ်လိုအရင်းခံ စိတ်သဘောထားမျိုးကို ဖော်ပြနေသလဲ။ သူတို့ဟာ သူတို့ပြောစကားက မှန်တယ်လို့ ဘယ်အချက်ကိုအခြေခံပြီး ယုံကြည်ထားသလဲ။
ဒီမှတ်ချက်တွေကို ပြန်လည် ငြင်းဆိုခြင်းမရှိပါက ဘယ်လိုအကျိုးဆက်တွေဖြစ်ပေါ်လာနိုင်သလဲ။ တိတ်တိတ်နေပြီး နားထောင်နေပါက ထောက်ခံတယ်လို့ ယူဆလို့ရပါတယ်။ ဒါကြောင့် ဘယ်လိုတုံ့ပြန်ပြောဆိုသင့်လဲ။
ECF KHK

No comments:
Post a Comment