Hermann Ebbinghaus – Memory
Hermann Ebbinghaus (1850–1909)
မေ့လျော့ခြင်း၏ စိတ်ပညာသဘောနှင့် အဘယ်ကြောင့်မှတ်ဉာဏ်မေ့ပျောက်ရသနည်း။
မူရင်း - Kendra cherry
မေ့ခြင်းသည် နေ့စဉ်ဘဝ၏ ဖြစ်နေကျ အစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။ တစ်ခါတစ်ရံတွင် ထို အမေ့အလျော့များသည် ရိုးရှင်းပြီး ဖြစ်လေ့ရှိသော ဖုန်းပြန်ခေါ်ရန် မေ့ခြင်းကဲ့သို့ အကြောင်းအရာများ ဖြစ်တတ်သည်။ တစ်ခါတစ်ရံတွင် မေ့ခြင်းသည် ပို၍ ဆိုးရွားပြီး ပြင်းထန်သောအကျိုးဆက်များဖြစ်စေနိုင်သည်။
ကျွန်ုပ်တို့သည် အဘယ်ကြောင့် မေ့လျော့ကြသနည်း။ သော့များကို ထားခဲ့သည့်နေရာကို မေ့ခြင်းမှအစ ဖုန်းခေါ်ဆိုမှုတစ်ခုပြုလုပ်ရန်ကို မေ့ခြင်းမှသည် မှတ်ဉာဏ်ချို့ယွင်းမှုသည် နေ့စဉ်နီးပါး ဖြစ်ရပ်တစ်ခုဖြစ်သည်။ မေ့ပစ်ခြင်းသည် အလွန်များသောကြောင့် သင်နေ့စဉ်စီစဉ်စရာရှိသော မှတ်စုများကို ရေးချခြင်း သို့မဟုတ် အရေးကြီးသည့် ဖြစ်ရပ်များကို သင့်ဖုန်း၏ ပြက္ခဒိန်တွင် မှတ်မိခြင်းစသည့် အရေးကြီးသည့် အချက်အလက်များကိုမှတ်မိရန် ကူညီရန် နည်းလမ်းများစွာ အပေါ်မှီခိုနေရနိုင်ပါသည်။
ပျောက်ဆုံးနေသော ကားသော့ကို သင်ရှာဖွေနေစဉ် သင်ထားခဲ့သည့်နေရာနှင့် ပတ်သက်သော အချက်အလက်သည် သင့်မှတ်ဉာဏ်မှ ထာဝရပျောက်ကွယ်သွားသည်ဟု ထင်ရပေမည်။ သို့သော်၊ မေ့ခြင်းသည် ယေဘုယျအားဖြင့် သင်၏ ရေရှည် မှတ်ဉာဏ်မှ ဤအချက်အလက်များကို အမှန်တကယ် ဆုံးရှုံးခြင်း သို့မဟုတ် ဖျက်ပစ်လိုက်ခြင်းမဟုတ်ပါ။
ပုံမှန်အားဖြင့်မေ့လျော့သွားပါက မှတ်ဥာဏ်ပြန်လည်ရယူရန် မအောင်မြင်နိုင်ပါ ။ သတင်းအချက်အလက်သည် သင်၏ရေရှည်မှတ်ဉာဏ်ထဲရှိ တစ်နေရာရာတွင် ရှိနေသော်လည်း ၎င်းကို ပြန်လည်ရယူမရနိုင်ပါ။
Ebbinghaus သည် မေ့လျော့ခြင်းကို သိပ္ပံနည်းကျလေ့လာရာ၌ ပထမဆုံးဖြစ်ခဲ့သည်။ သူသည်မိမိကိုယ်ကို စမ်းသပ်မှုများတွင် အသုံးချခဲ့သည်။ Ebbinghaus သည်သူ၏မှတ်ဉာဏ်ကို အက္ခရာသုံးလုံးပါသော အဓိပ္ပါယ်မရှိသည့် စကားလုံးများဖြင့် စမ်းသပ်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော်ယခင်ကသိရှိခဲ့သည့်စကားလုံးများကို အသုံးပြုခြင်းသည် သူ၏မှတ်ဥာဏ်ထဲရှိ လက်ရှိဗဟုသုတနှင့် အသိများကို ဆွဲငင် အသုံးပြုမိမည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။
သတင်းအချက်အလက်အသစ်များနှင့် စမ်းသပ်ရန် Ebbinghaus သည်သူ၏မှတ်ဉာဏ်ကို မိနစ် ၂၀ မှ ၃၁ ရက်အထိကြာရှည်စွာ စစ်ဆေးအသုံးချခဲ့သည်။ ထို့နောက် သူသည် သူ၏တွေ့ရှိချက်များကို ၁၈၈၅ ခုနှစ်တွင် Memory - Experimental Psychology အတွက် ပံ့ပိုးမှုအဖြစ် Memory စာအုပ်ပုံနှိပ်ထုတ်ဝေခဲ့သည် ။
သူ၏ရလဒ်များက Ebbinghaus မေ့သောမျဉ်းကွေးအဖြစ် ပုံဖော်ထားသည့်အတွက် မေ့ခြင်းနှင့် အချိန်အကြားဆက်နွယ်မှုကို ဖော်ပြခဲ့သည်။ ကနဦးတွင် သတင်းအချက်အလက်များသည် လေ့လာပြီးသည်နှင့် အလွန်လျင်မြန်စွာပျောက်ဆုံးသွားသည်။ သတင်းအချက်အလက်များကို ဘယ်လိုလေ့လာသင်ယူခဲ့သလဲ၊ အကြိမ်မည်မျှပြန်လည်လေ့ကျင့်ခဲ့သည်ဆိုသည့်အချက်များက ဤမှတ်ဉာဏ်များ ဘယ်လောက်မြန်မြန် ပျောက်ကွယ်သွားသည်နှင့် အဓိကဆက်စပ်သည်။
ရေရှည်မှတ်ဉာဏ်တွင် သိမ်းဆည်းထားသော သတင်းအချက်အလက်သည် အံ့သြစရာကောင်းလောက်အောင် တည်ငြိမ်သည်။
မေ့လျော့ခြင်းကို တိုင်းတာနည်း
တခါတရံ သတင်းအချက်အလက်များကို မေ့သွားသည်ဟု ထင်ရသော်လည်း မထင်မှတ်သော အချက်တစ်ချက်ကပင်လျှင် ထိုမှတ်ဉာဏ်ကို ပြန်လည်အစပေါ်စေသည်။ သင် နောက်ဆုံး ကျောင်းစာမေးပွဲဖြေခဲ့တုန်းက အဖြစ်ကို မြင်ယောင်ကြည့်ပါ။ သင်သည်အစပိုင်းတွင်မေ့လျော့နေပြီး ပြင်ဆင်ထားခြင်းမရှိသလို ခံစားခဲ့ရသော်လည်း စာမေးပွဲတွင် ဖော်ပြထားသော သတင်းအချက်အလက်အချို့ကို မြင်တွေ့လိုက်သည်နှင့် သင်မည်သည့်အချိန်က မှတ်မိနေမှန်းမသိသော သတင်းအချက်အလက်များကို ပြန်လည်အမှတ်ရစေလာသည်။
ဒါကြောင့်တစ်ခုခုမေ့သွားတဲ့အခါဘယ်လိုသိနိုင်သလဲ။
ဒီတိုင်းတာရန်အနည်းငယ်ကွဲပြားခြားနားတဲ့နည်းလမ်းတွေရှိပါတယ်
ပြန်ခေါ်ခြင်း - တစ်ခုခုကို အလွတ်ကျက် မှတ်ထားခဲ့ရသော သူများသည် ဥပမာအသုံးအနှုန်းအချို့ကို ပြန်လည်မှတ်မိရန် အမေးခံရပါနိုင်ပါသည်။ အချက်အလက်မည်မျှမှတ်မိသည်ကို လေ့လာရန် သုတေသီများသည် အလွတ် ပြန်လည်မှတ်မိရန်စဉ်းစားစေသော နည်းလမ်းနှင့် အရိပ်အမြွတ်ပြောကာ ပြန်လည်အမှတ်ရစေသော နည်းလမ်းတို့ကို အသုံးပြုကာ မည်သည့်အချက်အလက်များမေ့လျော့နေသည်ကို ခွဲခြားသိရှိနိုင်သည်။
အသိအမှတ်ပြုခြင်း - ဤနည်းလမ်းတွင်ယခင်လေ့လာခဲ့သော အချက်အလက်များကို ဖော်ထုတ်ခြင်းပါဝင်သည်။ ဥပမာအားဖြင့် စမ်းသပ်မှုတစ်ခုတွင်ကျောင်းသားများကို ၎င်းတို့ ဖတ်ရှုရန် သတ်မှတ်ပေးထားသော စာအုပ်ထဲမှအခန်းတစ်ခန်းတွင် မည်သည့်ဝေါဟာရများကို သူတို့ မှတ်မိသိရှိနေသည်အား တွေ့ရှိနိုင်သည်။
ကျွန်ုပ်တို့သည်အဘယ်ကြောင့်မေ့နေကြသနည်း
ဟုတ်ပါတယ်, အချက်များအများအပြားက ကျွန်ုပ်တို့အား မေ့လျော့စေနိုင်ပါသည်။ သတင်းအချက်အလက်အသစ်ကို သင်ယူသောအခါ တစ်ခါတစ်ရံတွင်သင့်အာရုံသည် ပျံ့လွင့်နိုင်သည်။ ဆိုလိုသည်မှာ သင်သည် ထိုသတင်းအချက်အလက်များကို နောက်မှမှတ်မိရန် လုံလောက်စွာ နှင့် ရှည်ကြာစွာ သိမ်းဆည်းထားခြင်းမဟုတ်ဟုဆိုလိုသည်။ လူသိများတဲ့မှတ်ဥာဏ်သုတေသီ Elizabeth Loftus က မေ့ခြင်းဟာ ဘာကြောင့်ဖြစ်ရတာလဲဆိုတာကို အဓိက ရှင်းပြခဲ့ပါတယ်။
သူမက မေ့လျော့ခြင်းအကြောင်း ဖော်ပြရန်အတွက်ကိုးကားခဲ့သော အဓိကအကြောင်းရင်းလေးချက်မှာ -
- ပြန်လည်ရယူနိုင်မှု မရှိခြင်း
- ဝင်ရောက်စွက်ဖက်ခြင်း
- သိုလှောင်ရန်ပျက်ကွက်ခြင်း
- မေ့လျော့အောင် လှုံ့ဆော်ခံရခြင်း
ဝင်ရောက်စွက်ဖက်ခြင်း သီအိုရီ
ပြီးခဲ့သည့် အပတ်က အင်္ဂါနေ့ညတွင်သင်ညစာကို ဘာနှင့်စားခဲ့သနည်း။ မှတ်မိရန်ခက်ခဲပါသလား။ ဗုဒ္ဓဟူးနေ့မနက်မှာတစ်ယောက်ယောက်က သင့်ကို အဲဒီမေးခွန်းမေးခဲ့ရင် ညစာဘာနှင့် စားတာကို ပြန်ပြောပြရန် မခက်ခဲနိုင်ပါ။ သို့သော်ကြားရက်များ ကြာလာသည်နှင့်အမျှ သင်စားခဲ့သော အခြားအစားအစာများ၏ အမှတ်သညာများသည် ထိုအင်္ဂါနေ့ညစာတစ်ခု၏ မှတ်ဥာဏ်ကို စွက်ဖက်စပြုလာသည်။ ၎င်းသည် စိတ်ပညာရှင်များကမေ့လျော့ခြင်း၏ ဝင်ရောက်စွက်ဖက်ခြင်းသီအိုရီကို ဖော်ပြသော ဥပမာကောင်းတစ်ခုဖြစ်သည်။ ။
ဝင်ရောက်စွက်ဖက်ခြင်းသီအိုရီအရ မေ့ခြင်းသည် အမျိုးမျိုးသော အမှတ်တရများ တစ်ခုနှင့်တစ်ခု ဝင်ရောက်စွက်ဖက်ကြခြင်း၏ ရလဒ်ဖြစ်သည်။ အဖြစ်အပျက်နှစ်ခု (သို့) နှစ်ခုထက်ပိုသောအရာများသည် တစ်ခုနှင့်တစ်ခုဆင်တူလေလေ ရောနှောကုန်ပြီး မေ့သွားလေလေ ဖြစ်သည်။
လွန်ခဲ့သောနှစ်လက ပျမ်းမျှအလုပ်တက်သောရက်တွင် ဖြစ်ပျက်ခဲ့သည့် အရာများကို မှတ်မိရန် ခက်ခဲသည်။အဘယ်ကြောင့်ဆိုသော် ထိုသို့ဆင်တူနေ့များ များစွာကို ဖြတ်သန်းခဲ့ရသောကြောင့်ဖြစ်သည်။
ထူးခြားသော/ ထင်ရှားသည့်အဖြစ်အပျက်များသည် ဝင်ရောက်စွက်ဖက်ခံရမှု နည်းပါးပါသည်။ သင်၏ အထက်တန်းကျောင်းသို့ စရောက်သည့်နေ့၊ အထက်တန်းကျောင်းပြီးပြီးချင်းနေ့၊ မင်္ဂလာဆောင်ခြင်းနှင့် သင်၏ပထမဆုံးကလေးမွေးဖွားခြင်းတို့သည် အခြားအဖြစ်များသည့်နေ့များကဲ့သို့မဟုတ်ဘဲ တစ်မူထူးခြားသည့်အဖြစ်အပျက်များဖြစ်သောကြောင့် ပြန်လည်အမှတ်ရရန်ပိုများသည်။
ဝင်ရောက်စွက်ဖက်မှုသည် နံပါတ်စဉ် အနေအထားအကျိုးသက်ရောက်မှု (သို့မဟုတ်) စာရင်း၏ပထမနှင့်နောက်ဆုံးအရာများကို ပိုမိုမှတ်မိသည်မှာလည်း အရေးပါသည့် အချက်ပင်ဖြစ်သည်။
ဥပမာအားဖြင့်၊ သင်သည် စျေးဝယ်စာရင်းကို ရေးချထားသော်လည်း စတိုးဆိုင်သို့ယူရန်မေ့သွားသည်ဟု မြင်ယောင်ကြည့်ပါ။ ဖြစ်နိုင်သည်မှာ သင်သည် သင်၏စာရင်းထဲရှိ ပထမနှင့် နောက်ဆုံးအရာများကိုလွယ်လွယ်ကူကူ မှတ်မိနိုင်လိမ့်မည်ဖြစ်သော်လည်း အလယ်၌ရှိသည့်အရာများကိုမေ့သွားနိုင်သည်။ သင်ပထမ ဦး ဆုံးရေးသားခဲ့သည့်အရာနှင့် နောက်ဆုံးသင်ရေးသားခဲ့သောအရာသည် ပို၍ ထူးခြားသည့်အရာဖြစ်သည်။ စတုတ္ထအချက်နှင့်သတ္တမအချက်သည် အလွန်ဆင်တူဟန်တူသောကြောင့် သူတို့အချင်းချင်းအနှောင့်အယှက်ဖြစ်ကာ မှတ်မိနိုင်ဖို့ ခဲယဉ်းပါသည်။
ပေါ်ပေါက်နိုင်သည့်အခြေခံ နှောက်ယှက်မှုအမျိုးအစား နှစ်မျိုးရှိသည်။
Retroactive interference
အသစ်ရရှိသော သတင်းအချက်အလက်သည် အမှတ်တရများ၊ အဟောင်းများကို ဝင်ရောက်စွက်ဖက်သည့်အခါ ပြန်လည် တုံ့ပြန်မှုနှောက်ယှက်မှု ဖြစ်ပေါ်သည်။ ဥပမာအားဖြင့်၊ စာသင်နှစ်အစတွင်သူမ၏အတန်းသစ်မှ ကျောင်သူကျောင်းသားအသစ်များ၏ အမည်များကို မှတ်ရသော ဆရာတစ်ဦးသည် ပြီးခဲ့သည့်နှစ်က သူမ၏အတန်းထဲမှကျောင်းသားများ၏ အမည်များကိုပြန်လည်မှတ်မိရန် ပို၍ ခက်ခဲလာလိမ့်မည်။ အသစ်သော သတင်းအချက်အလက်သည် သတင်းအချက်အလက်အဟောင်းအား လာရောက်စွက်ဖက်သောကြောင့် ဖြစ်သည်။
Proactive interference
ယခင်ကလေ့လာခဲ့သော သတင်းအချက်အလက်များသည် မှတ်ဉာဏ်အသစ်များ ဖန်တီးရာ၌ ပိုမိုခက်ခဲစေသည်။ ထိုသို့ပြုသည့်အခါ ကြိုတင်ပြင်ဆင်ထားသော ဝင်ရောက်စွက်ဖက်မှုများ Proactive interference ဖြစ်ပေါ်သည်။ ဖုန်းနံပါတ်အသစ်တစ်ခုသို့မဟုတ် Locker နံပတ်အသစ်အား မှတ်ရခြင်းသည် ပိုမိုခက်ခဲနိုင်သည်။ ဘယ်ကြောင့်ဆိုသော် သင်၏ဖုန်းနံပါတ်အဟောင်းနှင့် Locker နံပတ်အဟောင်းက အချက်အလက်အသစ်များကို အနှောင့်အယှက်ပေးသောကြောင့်ဖြစ်သည်။
ဝင်ရောက်စွက်ဖက်မှုကို လုံးဝဖယ်ရှားရန် မဖြစ်နိုင်ပါ။ သို့သော် ၎င်း၏ အကျိုးသက်ရောက်မှုများကို အနည်းဆုံးဖြစ်စေရန် သင်ပြုလုပ်နိုင်သည့်အရာအနည်းငယ်ရှိသည်။ သင်လုပ်နိုင်သော အကောင်းဆုံးအရာများထဲမှ တစ်ခုမှာ အချက်အလက်အသစ်များကို မှတ်ဉာဏ်ထဲပိုကောင်းအောင် လေ့ကျင့်ရန်ဖြစ်သည်။ များစွာသော ကျွမ်းကျင်သူများကအကြံပြုသည်မှာ overlearning အရေးကြီးသော အချက်အလက်များကို အပြန်ပြန် အလှန်လှန် လေ့ကျင့်မှတ်သားစေခြင်းဖြင့် အမှားအယွင်းမရှိ ပြန်လည်သတိရနိုင်ခြင်းဖြစ်သည်။
ဝင်ရောက်စွက်ဖက်မှုကို တိုက်ဖျက်ရန်နောက်ထပ် နည်းဗျူဟာတစ်ခုမှာသင်၏ လုပ်ရိုးလုပ်စဉ်ကို ပြောင်းလဲရန်နှင့် ပုံစံတူ အကြောင်းအရာများကို ရှေ့နောက်နီးကပ်စွာ လေ့လာခြင်းမပြုရန် ဖြစ်သည်။ ဥပမာအားဖြင့် သင်သည် ဂျာမန်အတန်းအတွက် ဝေါဟာရများကို လေ့လာပြီးသည်နှင့် စပိန်ဘာသာစကား အတန်းအတွက် ဝေါဟာရအသုံးအနှုန်းများကို ဆက်လက်လေ့လာရန် မကြိုးစားပါနှင့်။ တူညီသောအကြောင်းအရာများ နီးကပ်မှုမရှိစေရန် ဖြိုခွဲပြီး လုံးဝကွဲပြားသောအကြောင်းအရာသို့ ပြောင်း၍ လေ့လာပါ။
အိပ်စက်ခြင်းသည် မှတ်ဉာဏ်ဖွဲ့စည်းခြင်းတွင် မရှိမဖြစ်အရေးပါသည်။ သုတေသီများက တစ်စုံတစ်ယောက်သည် အသစ်အဆန်းတစ်ခုကို လေ့လာပြီးနောက် အိပ်စက်လိုက်ခြင်းသည်မှတ်ဉာဏ်အသစ်များကို ရှည်ကြာစွာ တည်မြဲသောအရာများအဖြစ်သို့ ပြောင်းလဲရန်အကောင်းဆုံးနည်းလမ်းများထဲမှ တစ်ခုဖြစ်သည်ဟု အကြံပြုသည်။
ပြန်လည်ရယူခြင်းကျရှုံးမှုသီအိုရီ
The retrieval failure theory
တခါတရံမှာ မှတ်ဉာဏ်တွေ ရှိနေဆဲဖြစ်ေသာ်လည်း အဲဒါတွေကို ပြန်ယူကြည့်လို့မရပါ။ မှတ်ဥာဏ်ပြန်လည်ရယူခြင်း၌ ဤကျရှုံးမှု၏ အခြေခံအကြောင်းအရင်းနှစ်ရပ်မှာ encoding failure များနှင့် ပြန်လည်ရယူရန် အချက်ပေးချက်များ မရှိခြင်းiတို့နှင့်ဆက်စပ်လျက်ရှိသည်။
ကျွန်ုပ်တို့သည်သတင်းအချက်အလက်များကို ကျွန်ုပ်တို့မမှတ်မိရသည့်အကြောင်းရင်းတစ်ခုမှာ ၎င်းသည်မည်သည့်အချိန်ကမှ ရေရှည်မှတ်ဉာဏ်သို့ မရောက်ရှိခဲ့သောကြောင့်ဖြစ်သည်။
သုတေသီများဖြစ်သော Nickerson နှင့် Adams တို့မှ ပထမဆုံးအသုံးပြုခဲ့သော ဤလူသိများသည့် သရုပ်ပြမှုကိုစမ်းကြည့်နိုင်ပါသည်။ မှတ်ဉာဏ်ထဲကနေ မှတ်မိနေသော အကြွေစေ့တစ်ပြား၏ နောက်ဖက်ပုံကိုဆွဲပါ။ ပြီးသည်နှင့် သင်၏ပုံကို တကယ့်အကြွေစေ့နှင့် နှိုင်းယှဉ်ပါ။ ဒီမှာတော့ အကြွေ မသုံးကြတဲ့အတွက် ရင်းနှီးနေသော ပိုက်ဆံတစ်ရွက်၏ ကျောဘက်ပုံကို မှန်းဆကြည့်ပါ။ ပုံဆွဲရန် ခက်ခဲနိုင်သည့်အတွက် ဖြစ်ပါတယ်။
ထိုသို့ ပြန်ယှဉ်ကြည့်လိုက်သောအခါ သင်မည်မျှ ညံ့ဖျင်းစွာ မှတ်မိနေကြောင်းကို အံ့အားသင့်သွားပါမည်။ သင်သည် ခြုံငုံပုံသဏ္ဌာန် နှင့် အရောင်ကို မှတ်မိကောင်းမှတ်မိနိုင်ပေမဲ့ အမှန်တကယ် အသေးစိတ်အချက်အလက်များကို တော်တော်လေး ရောထွေးမှတ်ထားမိခဲ့ နိုင်ပါသည်။ အဘယ်ကြောင့်နည်း။
အဆိုပါ အကြွေစေ့ကို အခြားဒင်္ဂါးများနှင့်ကွဲပြားခြားနားရန် သို့မဟုတ် အဆိုပါ ပိုက်ဆံတစ်ရွက်နှင့် အခြားအတန်ရွက်များကို ခွဲခြားသိနိုင်ရန် နောက်ကျောဘက်က ပုံကို အတိအကျသိရန် မလိုအပ်သောကြောင့် မှတ်ဉာဏ်သည် သင်အတွက် လိုအပ်သော အချက်အလက်များဖြစ်သည့် အရွယ်အစား၊ ပုံသဏ္ဌာန်နှင့်အရောင်ကိုသာ အဓိကအာရုံစိုက်မှတ်ထားမိသောကြောင့် ဖြစ်သည်။ နောက်ကျောဘက်မှ ပုံသဏ္ဌာန်ကို သင် ပြန်၍ မမှတ်မိနိုင်ပါ၊ အဘယ်ကြောင့်ဆိုသော် ထိုအချက်အလက်များသည် မှတ်ဉာဏ်ထဲသို့မည်သည့်အခါကမျှ မထည့်သွင်းထားသောကြောင့်ဖြစ်သည်။
မေ့လျော့ခြင်း၏ သဲလွန်စ- မှီခိုသီအိုရီ
သုတေသီများက တစ်ခါတစ်ရံတွင် အချက်အလက်သည် မှတ်ဉာဏ်၌ အမှန်တကယ်ရှိသည်ဟု ဆိုခဲ့ကြသော်လည်း ပြန်လည်ရှာဖွေရန် အချက်များမရှိပါက၎င်းကို ပြန်၍ မရနိုင်ပါ။
သင့်အိမ်ထောင်ဖက်နှင့် ပထမဆုံးတွေ့ဆုံခဲ့သော ရက်စွဲတွင် ဆွတ်ထားသည့် ရေမွှေးရနံ့ကို သင်ရရှိပါက သင့်အိမ်ထောင်ဖက်နှင့်သင်၏ ပထမဆုံးရက်စွဲကို အသေးစိတ်ကို မှတ်မိရန် ပို၍ လွယ်ကူလိမ့်မည်။ ထိုမှတ်ဉာဏ်ကို ဖန်တီးသည့်အခါ ပြန်လည်ထုတ်ယူနိုင်သည့် သဲလွန်စ (ရေမွှေး) ရှိခဲ့သည်။ ထို့ကြောင့်၎င်းကို ထပ်မံအနံ့ခံလိုက်ခြင်းကထိုအမှတ်တရများကို ပြန်လည်ထုတ်ယူနိုင်ခြင်းဖြစ်သည်။
နိဂုံးချုပ်
ကျွန်ုပ်တို့သည် မည်သို့နှင့် အဘယ်ကြောင့်မေ့သည်ကို ရှင်းပြရန် သီအိုရီများစွာရှိသည်။ အခြေအနေများစွာတွင် ဤရှင်းလင်းချက်များစွာသည် ကျွန်ုပ်တို့မမှတ်မိနိုင်သည့် အကြောင်းရင်းကို ဖော်ပြထားပါသည်။ ကျွန်ုပ်တို့အာရုံစူးစိုက်မှုအတွက် သတင်းအချက်အလက်အမြောက်အများသည် ပြိုင်ဆိုင်မှုများဖြစ်ပေါ်စေပြီး အမှတ်တရများ အဟောင်းနှင့်အသစ်ကြားတွင် ယှဉ်ပြိုင်မှုကို ဖန်တီးစေပါသည်။
မေ့ခြင်းသည် ဘဝ၏အစိတ်အပိုင်းတစ်ခုသာဖြစ်သော်လည်း ကျွန်ုပ်တို့၏ မှတ်ဉာဏ်များ တိုးတက်စေရန်နှင့် သတင်းအချက်အလက်များကို ပြန်လည်ရယူရာတွင် ပိုမိုကောင်းမွန် လာစေရန် ကျွန်ုပ်တို့လုပ်နိုင်သည့် အရာများစွာ ရှိကြောင်း လေ့လာခွင့်ရခဲ့ပါသည်။
KHK

No comments:
Post a Comment