Friday, July 8, 2022

 မိမိကလေးရဲ့ စိတ်အခြေအနေ (temperament)ကို ဘယ်လိုနားလည်နိင်သလဲ။


ကလေးအချို့ဟာ ပြုစုပျိုးထောင်ရာမှာ ပြောဆိုဆက်ဆံရလွယ်ကူကြပါတယ်။ အရပ်အခေါ်လိမ္မာတယ် အေးတယ်ပေါ့။ သူတို့ကို ကြိုတင်ခန့်မှန်းနိုင်ပြီး အများသဖြင့် တည်ငြိမ်ကာ အတွေ့အကြုံအသစ်တွေကို အပြုသဘောနဲ့ ချဉ်းကပ်တတ်ကြပါတယ်။


ဒါပေမဲ့ အချို့ကလေးများဟာ အဲ့ဒီလိုမဟုတ်ဘဲ ပြုစုပျိုးထောင်ရတာပိုပြီး ခက်ခဲကြတယ်။ ဂျီကျတယ်၊ ဆိုးတယ်၊ စိတ်ကြီးတယ်ပေါ့။ စိတ်အပြောင်းအလဲတွေနဲ့ ထုတ်ဖော်မှု‌တွေကို ကောင်းကောင်းမထိန်းချုပ်နိုင်ကြပါ။ ဒါကြောင့် သူများကလေးတွေ ငြိမ်ငြိမ်လေးကစား အချိန်ကြာကြာအိပ်ပေမဲ့ ကိုယ့်ကလေးက အိပ်ချိန်မမှန် အစားမမှန် လူကြီးနားအလွန်ကပ်တာ အဆော့လွန်တာတွေ တွေ့ရတဲ့အခါ ကိုယ့်ရဲ့ ထိန်းသိမ်းစောင့်ရှောက်ပုံ မှားနေလို့လား၊ ဘာချို့ယွင်းချက်ရှိလို့လဲ စသဖြင့် မေးခွန်းထုတ်မိတတ်ကြပါတယ်။


တကယ်တော့ ဒီလိုဖြစ်ရတာတွေဟာ အဓိကအားဖြင့် မွေးကတည်းက ကလေးတစ်ဦးနဲ့တစ်ဦး ကွဲပြားစွာပါလာကြတဲ့ temperament pattern (စိတ်နေသဘောထားပုံစံ)တွေကြောင့်ပဲ ဖြစ်ပါတယ်။ temperamentဟာ အထက်ပါ အရပ်အခေါ်တွေ သတ်မှတ်သလို ကောင်းတဲ့ temperament၊ ဆိုးတဲ့temperament လို့ သတ်မှတ်လို့မရပါဘူး။ temperamentဟာ personalityထက် အရင်စောပြီး ပါလာတာဖြစ်ပါတယ်။


ကလေးရဲ့ temperamentနဲ့အညီ ပြုမူဆောင်ရွက်ချက်တွေဟာ ပြင်ပပတ်ဝန်းကျင်နဲ့ ပွတ်တိုက်ပြုပြင်မှုတွေ ဖြစ်ပေါ်ပြီး ကလေးရဲ့ ကိုယ်ရေကိုယ်သွေး (personality)ဟာ ပုံပေါ်လာတာပါ။ ကလေးရဲ့ ကိုယ်ရည်ကိုယ်သွေးဟာ အခြားမိသားစုဝင်တွေရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ မကိုက်ညီရင် မိသားစုအတွက် စိန်ခေါ်မှုတစ်ရပ် ပိုပြီးဖြစ်လာနိုင်ပါတယ်။ ဥပမာ- အမေကသွက်သလောက် ကလေးက အေးနေတာ။ အဖေအမေက အေးပြီး ကလေးက activeအလွန်ဖြစ်တာ စသဖြင့် ကြုံလာရင် ပိုပြီးပဋိပက္ခဖြစ်တတ်ပါတယ်။


ကလေးတစ်ဦးဟာ မိမိပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်ဖို့ လွယ်ကူခြင်းရှိ\မရှိဟာ သူရဲ့စိတ်ထား(temperament)ပေါ်မူတည်ပါတယ်။ အလိုက်အထိုက် နေတတ်မှုနှင့် စိတ်ခံစားမှုထိန်းချုပ်နိုင်မှုပမာဏ‌အ‌ပေါ်လည်း အကျိုးသက်ရောက်တတ်ပါတယ်။ temperamentဟာ မွေးကတည်းကပါလာတာ ဖြစ်တဲ့အတွက် သိပ်အများကြီးပြောင်းလဲလေ့ မရှိပါဘူး။


သို့သော် (အထူးသဖြင့် ဘဝရဲ့ အစောပိုင်းနှစ်များ)မှာ ရရှိခဲ့သည့် ကလေးရဲ့ အတွေ့အကြုံတွေနဲ့ အခြားလူများ၊ ပတ်ဝန်းကျင်၊ သူရဲ့ကျန်းမာရေးအစရှိသည်တို့ဟာ temperamentအပေါ် အပြန်အလှန် အကျိုးသက်ရောက်တတ်တာကြောင့် အနည်းငယ်‌တော့ ပြောင်းလဲနိုင်ပါတယ်။


ကလေးငယ်တစ်ဦး ကျောင်စတက်ရောက်တဲ့ အရွယ်မှာ သူ့ရဲ့ temperamentဟာ ကောင်းစွာသတ်မှတ်ပြီး ဖြစ်ပြီး ပိုမို သိသာထင်ရှားလာပါတယ်။ ဒီနောက်ပိုင်း နောင်အနာဂတ်မှာတော့ များစွာ ပြောင်းလဲစရာမရှိတော့ပါ။


ဒီလိုပင်ကိုလက္ခဏာတွေဟာ မိမိရဲ့ မိဘအုပ်ထိန်းမှု စွမ်းရည်နဲ့လည်း သိပ်မသက်ဆိုင်ပါ။ ဒါပေမဲ့၊ ကျောင်းနေအရွယ်ကလေးရဲ့ အမူအကျင့်ဆိုင်ရာ ညှိနှိုင်းနိုင်မှု (သူ့ပတ်ဝန်းကျင်နှင့် ပတ်ဝန်းကျင်ရှိလူများအကြား ဘယ်လို အဆင်ပြေအောင် လိုက်လျောညီထွေနေနိုင်သလဲ)ဆိုတာကတော့ ဆက်လက်ဖွံ့ဖြိုးနေနိုင်ပါတယ်။ ဒီဖွံ့ဖြိုးမှုဟာ သူရဲ့ temperamentနဲ့ လူကြီး‌တွေအကြား ဘယ်လိုဆက်ဆံမှု‌တွေရှိခဲ့သလဲရယ်၊ သူတို့အပေါ် ဘယ်လိုတုန့်ပြန်မှု‌တွေ ရခဲ့သလဲဆိုတဲ့အပေါ် များစွာမူတည်ပါတယ်။

ဆက်လက်ဖော်ပြပါမယ်။


KHH


https://childdevelopmentinfo.com/uncategorized/temperament_and_your_child/


https://www.healthychildren.org/English/ages-stages/gradeschool/Pages/How-to-Understand-Your-Childs-Temperament.aspx


https://www.pre-kpages.com/products/editable-picture-schedule-cards/


No comments:

Post a Comment

ကလေးငယ်များရဲ့ အစောပိုင်းကာလ အခြေခံအုတ်မြစ် (Early Childhood Fundamental Program) နှင့် ၂၁ရာစုကလေးငယ်များ

ကလေးငယ်များရဲ့ အစောပိုင်းကာလ အခြေခံအုတ်မြစ် ( Early Childhood Fundamental Program ) နှင့် ၂၁ရာစုကလေးငယ်များ လူကြီးမင်းတို့ လွန်ခဲ့တဲ့ ၆လလ...